တာချီလိတ်တွင် ဘိန်းဖြူ အမြောက်အမြား ဖမ်းဆီးရမိ

တာချီလိတ်တွင် ဘိန်းဖြူ အမြောက်အမြား ဖမ်းဆီးရမိ
by -
နန်းဒေဝီ
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းဖြူ ရ၆၁ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြားများ ယခုလ ၁၀ ရက်နေ့က ဖမ်းဆီးမိကြောင်း ယနေ့ထုတ် မြန်မာစစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား ...

နယူးဒေလီ (မဇ္စျိမ)။     ။ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းဖြူ ရ၆၁ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြားများ ယခုလ ၁၀ ရက်နေ့က ဖမ်းဆီးမိကြောင်း ယနေ့ထုတ် မြန်မာစစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
 
မိုင်းဆတ်မြို့မှ တာချီလိတ်မြို့သို့ မောင်းနှင်လာသည့် နစ်ဆန်း ၆ ဘီးကား (ယာဉ်အမှတ် ၂က/၈၁၅၂၁) ကို တာချီလိတ်ရှိ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်း၌ မူးယစ်အထူးအဖွဲ့က ရှာဖွေရာမှ အဆိုပါ ဘိန်းဖြူများနှင့် WY စာတမ်းပါ စိတ်ကြွဆေးပြား ၃၄၀၀၀၀ (၃ သိန်း ၄ သောင်း) ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
 
မြွေအရေခွံအိတ် ၁၀ အိတ်အတွင်း ထည့်သွင်းထားသည့် စက္ကူဖာ ၁၃ ဖာအတွင်းမှ ဘိန်းဖြူဘလောက်တုံး ၁၂၈၁ (၄၄၈ ဒဿမ ၃၅ ကီလို) နှင့် ဆာလာအိတ် ရ အိတ်နှင့် သံသေတ္တာ ၃ လုံးအတွင်းမှ ဘိန်းဖြူ ဘလောက်တုံး ၈၉၆ တုံး (၃၁၃ ဒဿမ ၆ ကီလို) နှင့် မြွေအရေခွံ ၂ အိတ်တွင် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြားများ တွေ့ရှိခဲ့ကြောင်း သတင်းစာက ဆိုထားသည်။
 
ဤသည်မှာ ယခုနှစ် ဇန်နဝါရီလအတွင်းက ရန်ကုန်ရှိ အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့သည့် ကုန်တင်သင်္ဘော တစီးကို ရပ်တန့်ရှာဖွေခဲ့ရာ သစ်လုံးများကြားတွင် ဝှက်ထားသည့် ဘိန်းထုတ်များ (အလေးချိန် ၃၈ ကီလိုဂရမ်) တွေ့ရှိပြီးနောက် အများဆုံး ဖမ်းဆီးရမိခြင်းလည်း ဖြစ်သည်။
 
ယခုဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူအရေအတွက်မှာ ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ယခင်က ဖမ်းဆီးမိခဲ့သည့် ဘိန်းဖြူများထက် အလေးချိန် ပိုမိုများကြောင်း ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန၏ လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က မဇ္စျိမကို ယခုလို ပြောသည်။
 
“အရင်တုန်းက ဖမ်းမိတဲ့ ဘိန်းဖြူတွေက ကီလို ၂၀၀၊ ၃၀၀ ကျော်လောက် ရှိမယ်။ အဲဒါထက်စာရင် ဒီတခါ ဖမ်းမိတာက အများဆုံးလို့ ပြောလို့ရတယ်” ဟု ပြောသည်။
 
သူက ဆက်ပြီး “ဘိန်းဖြူတွေကို ရွှေတိဂံနယ်မြေကို ဖြတ်ပြီးတော့ လာအိုဘက်၊ အဲဒီကနေတဆင့် တခြားနေရာတွေကို ဖြတ်ပြီးတော့ ပို့လေ့ရှိတယ်” ဟု ပြောသည်။
 
အမေရိကန်အစိုးရ၏ နိုင်ငံတကာ မူးယစ်ဆေးဝါး ကုန်သွယ်မှုဆိုင်ရာ လတ်တလော ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် Methamphetamine ခေါ် စိတ်ကြွဆေးပြားများကို ဒေသတွင်း ရောင်းဝယ်ရေး လုပ်နေသည့်အပြင် အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည်။
 
မြန်မာနိုင်ငံသည် ပါကိစ္စတန်နိုင်ငံပြီးလျှင် ဒုတိယ အကြီးမားဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း အမေရိကန်နှင့် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများက ဆိုသည်။
 
မြန်မာစစ်အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းများချမှတ်ကာ ဖမ်းဆီးနေသော်လည်း တဖက်တွင် ဘိန်းစိုက်ခင်းများ သိသာစွာ တိုးမြှင့်လာနေကြောင်း ဦးစိန်ကြည်က ယခုလို မှတ်ချက်ပေးသည်။
 
“ကျနော်တို့ ပြုစုတဲ့စာရင်းတွေအရ ၂၀၀၈-၀၉ ခုနှစ်မှာ ပိုတိုးလာတယ်။ အပြီးတိုက်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ခေတ္တခဏတော့ ရပ်တော့ရမယ်။ ဒါပေမဲ့ အခိုက်အတန့်တော့ ရှိတယ်။ ပူဖောင်းလိုပေါ့ဗျာ။ တဖက်ညှစ်ရင် တဖက်ဖောင်း ဖြစ်တယ်” ဟု ပြောသည်။
 
တာချီလိတ်တွင် ဘိန်းဖြူအမြောက်အမြား ယခုလို တွေ့ရှိပြီးနောက် ယာဉ်မောင်း စိုင်းထွန်းမြင့်ဦး၊ ယာဉ်နောက်လိုက် စိုင်းဝင်းအောင်နှင့် မူတူးတို့ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကာ၊ ကွင်းဆက်တရားခံများကို ဖော်ထုတ်ရေးအတွက် ယခုအခါ ဆောင်ရွက်နေသည်ဟု သတင်းစာက ဆိုသည်။
 
ထို့အပြင် စစ်ကိုင်းတိုင်း တမူးမြို့ မူးယစ်အထူးအဖွဲ့မှ တာဝန်ရှိသူများက ယခုလ ၂ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၅၀ ခန့်တွင် တမူးမြို့အထွက် ၃ မိုင်စစ်ဆေးရေးစခန်း၌ စန်းလွင် မောင်းနှင်လာသည့် ယာဉ်အမှတ် ၁က/၅၁၄၇ တိုယိုတာ (ဟိုင်းလပ်) ယာဉ်ကို ရှာဖွေရာ ဆေးပြားတပြားတွင်Pseudoephdrine ၁၂၀ မီလီဂရမ်ပါ Larfast D ဆေးကတ် ၉၈၀၀ နှင့် ဆေးပြားတပြားတွင် Pseudoephdrine ၆၀ မီလီဂရမ်ပါ Acrifed ဆေးကတ် ၄၂၆၈ ကတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုထားသေးသည်။
 
တရားခံ စန်းလွင်အား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။
 

Most read this week