နယူးဒေလီ။ ။ ပဲခူးတိုင်း၏ မြို့တော် ပဲခူးမြို့ရှိ ကလေးသူငယ် အများအပြားသည် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်ကာ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေကြောင်း သိရသည်။
ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး၌ သွေးလွန်းတုပ်ကွေး ဖြစ်ပွားနေသဖြင့် တက်ရောက်ကုသနေသည့် ကလေးသူငယ်များ ပြည့်နှက်နေပြီး၊ ပြင်ပ ပုဂ္ဂလိက ဆေးခန်းများ၌လည်း လာရောက်ကုသသူ အများအပြားရှိကြောင်း ဒေသခံများ အဆိုအရ သိရခြင်း ဖြစ်သည်။
“ဒီလို ရောဂါအဖြစ်များတာ ၂ နှစ်အောက် မဖြစ်ဘူးလို့ သတ်မှတ်ထားတာ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ၅ လ၊ ၆ လ ကလေးတွေဖြစ်တာ အများကြီး တွေ့တယ်။ ကျနော်တို့ ဆေးခန်းမှာဆို ဒီရောဂါနဲ့ ကလေးတွေလာတာ ၅၀ လောက် ရှိတယ်” ဟု ပဲခူးမြို့မှ ကလေးအထူးကု ဆရာဝန် ဒေါက်တာ ဉာဏ်လင်းမြင့်က မဇ္စျိမကို ပြောသည်။
“ကျနော့် သမီးလေး သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံသွားတာ ကလေးတွေ အများကြီးပဲ ဖြစ်နေတာ။ ကုတင်တောင် မဆန့်လို့ ဝရန်တာမှာတောင် ရှိကြတယ်။ ဒီနှစ် အဆိုးဆုံးပဲဗျာ” ဟု သွေးလွန်တုပ်ကွေးဖြစ်သည့် ကလေးတဦး၏ ဖခင်ဖြစ်သူက မဇ္စျိမကို ပြောသည်။
သွေးလွန်တုပ်ကွေးသည် မိုးရာသီအတွင်း ဖြစ်လေ့ရှိသော်လည်း ပဲခူးမြို့၌ ယခုနှစ် နွေရာသီအတွင်း ဖြစ်ပွားမှု အနည်းငယ် စတင်ခဲ့ရာမှ ယခု မိုးဦးကျချိန်၌ပင် ဖြစ်ပွားမှု ဆိုးရွားနေခြင်း ဖြစ်သည်။
ရိုးရိုးတုပ်ကွေး (သို့) ရာသီတုပ်ကွေးသည် အအေးပတ်သည့် လက္ခဏာဖြစ်သည့် နှာစေးခေါင်းဆိုးနှင့် လည်ပင်းနာခြင်း၊ တကိုယ်လုံး ကိုက်ခဲခြင်းမျိုး ပြသ၍ အဖျားတက်လေ့ရှိသော်လည်း ယခု တုပ်ကွေးမှာမူ အဆိုပါ လက္ခဏာများ မပြသဘဲ ရုတ်တရက် ကိုယ်အပူချိန် မြင့်တက်လာကာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း ဖြစ်သည်။
ထို့နောက် ခပ်ရဲရဲ အနီပြင်များ ထွက်လာခြင်း၊ သွေးခြည်ဥထွက်ခြင်း၊ နှာခေါင်း-သွားဖုံးများမှ သွေးယိုခြင်း၊ သွေးအန်ခြင်း၊ ဆီး-ဝမ်းထဲ၌ သွေးပါခြင်းနှင့် နောက်တဆင့်တွင် သတိလစ်ခြင်း၊ တက်ခြင်း၊ ဖျားနေစဉ် ချွေးများ ထွက်ခြင်း၊ အဆက်မပြတ် အန်ခြင်းများ ဖြစ်ပေါ်လာပြီး ရှော့ခ် (သွေးလန့်) ဖြစ်ခြင်းမှ အသက်အန္တရာယ် အထိပင် စိုးရိမ်ရသည်။
သာမန်အဖျားအနာ တခုအဖြစ် ထင်မှတ်ကာ ကုသမှု နောက်ကျသဖြင့် အသက်ဆုံးရှုံးရသည့် ကလေးငယ်တချို့ပင် ပဲခူးတွင် ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းများက ဖြေကြားခြင်း မရှိခဲ့ပါ။
Published
Friday, July 3, 2009 - 18:57
ပဲခူးမှာ ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ဖြစ်ပွား
ပဲခူးတိုင်း၏ မြို့တော် ပဲခူးမြို့ရှိ ကလေးသူငယ် အများအပြားသည် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်ကာ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေကြောင်း သိရသည်။ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး၌ သွေးလွန်းတုပ်ကွေး ဖြစ်ပွားနေသဖြင့် တက်ရောက်ကုသနေ ...