ချင်းမိုင် (မဇ္စျိမ)။ ။ ထူးထရေးဒင်းနှင့် ဘိုကလေး ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ နာဂစ် ဒဏ်သင့် ဘိုကလေး မြို့နယ်မှ လယ်မြေ ဧက ၂၀၀၀၀ အတွက် ချေးငွေများကို ယခင်လမှစ၍ ထုတ်ချေးပေးနေကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းက ပြောသည်။
ထူးထရေးဒင်းနှင့် ဘိုကလေးမှ ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ Ayea Delta Agri Export Co. Ltd., ခေါ် ကုမ္ပဏီတခု ဖွဲ့စည်းလိုက်ပြီး ယင်းမှ တဆင့် ထုတ်ချေးခြင်း ဖြစ်သည်။
“အတိုးက မများဘူး။ တရာသီ အတွက် ၂ ကျပ်တိုးလောက်ဘဲ ရှိတယ်။ ခုမှ မိုးစပါးအတွက် စချေးပေးတာပါ။ ဒီစပါးမှာ လယ်သမားတွေ အပြေအကျေ ဆပ်နိုင်ရင် နောက်နွေစပါး အတွက်ကို ဆက််ပြီး ချေးမယ် ပြောတယ်” ဟု မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက မဇ္စျိမသို့ပြောသည်။
လယ်တဧက အတွက် ၆၀၀၀၀ ကျပ်ထုတ်ချေးမည်ဖြစ်ပြီး ပထမ အရစ် အဖြစ်၂၀၀၀၀ ကျပ် နှင့် စပါး စိုက်ပျိုးချိန်တွင် ၄၀၀၀၀ ကျပ် ထုတ်ချေးမည်ဖြစ်ကြောင်း ဘိုကလေး ဒေသခံတဦးက လည်းပြောသည်။
ဘိုကလေး မြို့နယ်တွင် လယ်ဧက (၃) သိန်းကျော်ရှိသော်လည်း ဧက (၂၀၀၀၀) အတွက်သာ ထုတ်ချေးမည်ဖြစ်သည်။
ထို့ကြောင့် ငွေချေးလိုသူသည် အမှန်တကယ် လယ်ယာပိုင်ဆိုင်ကြောင်းနှင့် စပါးစိုက်ပျိုး ကြောင်း မြို့နယ်စိုက်ပျိုး ရေးရုံး၊ မြို့နယ်မြေစာရင်းရုံးနှင့် ရပ်ကွက် ရယက တို့ထံမှ ထောက်ခံ စာလိုအပ်ပြီး ယင်းထောက်ခံစာ ရှိသူများထဲမှသာ ရွေးချယ် ထုတ်ချေးသွားမည် ဖြစ်သည်။
ထို့အပြင် နာဂစ်ဒဏ်သင့် လပွတ္တာ၊ မော်လမြိုင်ကျွှန်း စသည့်မြို့နယ်များ၌လည်း ထူးထရေး ဒင်းနှင့် သက်ဆိုင်ရာ မြို့နယ်ဆန်စက်ပိုင်ရှင်များ ပူးတွဲ၍ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးနေကြောင်း သိရသည်။
သို့သော် မည်သည့် ကုမ္ပဏီအမည်ဖြင့် ထုတ်ချေးသည်ကိုမူ အတည်ပြု၍ မရသေးပေ။
“ထူးထရေးဒင်း ကတော့ အဓိကပေါ့။ ဒါပေမယ့် ရန်ကုန်က ကုမ္ပဏီ အသေးလေးတွေရော ဆိုရင် ကုမ္ပဏီ ၄၀ လောက် ပေါင်းလုပ်တာလို့ ပြောလို့ရတယ်။ နောက် ဆန်စက်ပိုင်ရှင်တွေလည်း ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင် အသင်းဝင်တဦးက မဇ္စျိသို့ ပြောသည်။
ချေးငွေ ပြန်ဆပ်ရာတွင် စပါးရာသီ ပြီးဆုံးသည့်အချိန်၌ စပါး သို့မဟုတ် ငွေဖြင့်လည်း ပေးချေနိုင်ကြောင်း သိရသည်။
Published
Friday, July 3, 2009 - 18:51
ထူးထရေးဒင်းနှင့် ဆန်စက် လုပ်ငန်းရှင်များက ဘိုကလေး လယ်သမားများကို ငွေချေး
ထူးထရေးဒင်းနှင့် ဘိုကလေး ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ နာဂစ် ဒဏ်သင့် ဘိုကလေး မြို့နယ်မှ လယ်မြေ ဧက ၂၀၀၀၀ အတွက် ချေးငွေများကို ယခင်လမှစ၍ ထုတ်ချေးပေးနေကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းက ပြော ...