ချင်းမိုင် (မဇ္စျိမ)။ ။ ကရင်ပြည်နယ် ဘားအံမြို့နယ်ဆေးရုံတွင် တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် လူနာ အများအပြား ရှိနေကြောင်း မြို့ခံများက ပြောသည်။
ဖြစ်ပွားသူများထဲတွင် ကလေးငယ်များနှင့် အသက် ၁၇ နှစ်ထိ ပါဝင်ကြောင်း ဘားအံမြို့နယ်ဆေးရုံတွင် တုပ်ကွေးဖြစ်၍ ဆေးရုံတက် ကုသခဲ့ရသည့် ကလေးငယ်တဦး၏ မိခင်က ပြောသည်။
“မြို့ပေါ်ရော ရွာဘက်မှာရော အသက်က ၃ နှစ်အရွယ် ကလေးတွေ များတယ်။ ၉ တန်း ၁၀ တန်းအရွယ်တွေလဲ ဖြစ်နေတယ်။ အန်တီ့ ကလေးကို ဆေးရုံ သွားပို့တော့ တုတ်ကွေးဖြစ်နေတဲ့ ကလေးတွေ အရမ်းများနေတယ်။ ရိုးရိုးတုတ်ကွေးလိုလို၊ သွေးလွန် တုတ်ကွေးလိုလို ပြောတာဘဲ။ ဝက်တုပ်ကွေးလို့တော့ မပြောဘူး” သူက မဇ္စျိမသို့ ပြောသည်။
ရောဂါ ဖြစ်ပွားသူများတွင် ကိုယ်ပူချိန်မြင့်ခြင်း၊ မျက်စေ့နီခြင်း၊ အဖျားကြာခြင်း၊ အနီဖုများထွက်ခြင်း စသည့် လက္ခာဏာများ တွေ့ရသည်ဟု သိရသည်။
ဘားအံဆေးရုံရှိ ကုတင် ၂၀ ရှိ အခန်းတွင် ကုတင်မဆန့်သဖြင့် ကြမ်းပြင်ပေါ်၌ပင် ဖြစ်သလိုနေ၍ ကုသမှုခံနေရသည့် လူနာများလည်းရှိကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဘားအံမြို့နယ် ဆေးရုံသို့ ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားရန် ငြင်းဆန်သွားသည်။
မည်သို့သော တုပ်ကွေးဖြစ်သည်ကို ဆရာဝန်များက စောင့်ကြည့်နေဆဲ ဖြစ်သော်လည်း ကောလာဟလများကြောင့် မြို့ခံများအကြား ထိန့်လန့်မှုများ ရှိနေကြသည်။