ချင်းပြည်နယ် မိုးခေါင်သဖြင့် စပါး မစိုက်နိုင်သေး

ချင်းပြည်နယ် မိုးခေါင်သဖြင့် စပါး မစိုက်နိုင်သေး
မိုးရွာသွန်းမှု နောက်ကျသဖြင့် ချင်းပြည်နယ်တွင် စပါးစိုက်ပျိုးရန် အခက်တွေ့နေကြောင်း ဒေသခံများနှင့် ဒေသတွင်း အခြေစိုက် လူမှုအဖွဲ့အစည်းများက ပြောဆိုကြသည်။ နှစ်စဉ် မေလအတွင်း မိုးဦးကျတတ်သော်လည်း ယခုအချိန်ထိ ချင်းပြည်နယ် တခုလုံးနီးပါး၌ မိုးရွာသွန်း ...

နယူးဒေလီ (မဇ္စျိမ)။     ။ မိုးရွာသွန်းမှု နောက်ကျသဖြင့် ချင်းပြည်နယ်တွင် စပါးစိုက်ပျိုးရန် အခက်တွေ့နေကြောင်း ဒေသခံများနှင့် ဒေသတွင်း အခြေစိုက် လူမှုအဖွဲ့အစည်းများက ပြောဆိုကြသည်။

နှစ်စဉ် မေလအတွင်း မိုးဦးကျတတ်သော်လည်း ယခုအချိန်ထိ ချင်းပြည်နယ် တခုလုံးနီးပါး၌ မိုးရွာသွန်းမှု မရှိသေးသောကြောင့် မြို့နယ် ၉ မြို့နယ်စလုံးရှိ တပိုင်တနိုင် ဝမ်းစာစပါး စိုက်ပျိုးရေး လုပ်ငန်းများ စတင်ရန် အခက်ကြံုနေရကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“အခုချိန်ထိ မိုးကို မရွာသေးဘူး ဖြစ်နေတယ်။ ဟားခါးမှာဆိုရင် အရင်နှစ်တွေက မေလဆို ရွာပြီ။ ဒီနှစ်ကျတော့ အခုထိကို မရွာသေးဘူး။ မရွာတာက ချင်းပြည်နယ်တခုလုံး နီးပါးပါပဲ” ဟု ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အခြေစိုက် ချင်း လူသားချင်း စာနာမှုနှင့် ကယ်ဆယ် စောင့်ရှောက်ရေး ကော်မတီ - CHRC မှ တာဝန်ခံ ဆလိုင်းကျင်ဇာက မဇ္စျိမကို ပြောသည်။

ဟားခါးမြို့နယ်သည် ချင်းပြည်နယ်တွင် မိုးရွာသွန်းမှု အများဆုံး ဒေသဖြစ်သည်။ သို့သော် အားတက်ဖွယ်ရာ တခုမှာ မိုးရွာနိုင်ခြေများသည်ဟု မြန်မာ့မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုးဇလ၏ အလိုအလျောက် ဖြေကြားစက်က  “မနက်ဖြန် ညနေအထိ ခန့်မှန်းချက်ကတော့ ကယားပြည်၊ စစ်ကိုင်းတိုင်း အောက်ပိုင်းနှင့် မကွေးတိုင်းတို့မှာ နေရာကွက်ကြား၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းတို့မှာ နေရာကျဲကျဲ၊ ရှမ်းပြည်နယ် တနင်္သာရီတိုင်းတို့မှာ နေရာစိတ်စိတ်နှင့် ကျန်ဒေသတွေမှာ နေရာအနှံ့အပြား မိုးရွာပြီး၊ ရခိုင်ပြည်နယ်မှာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။ ရွာရန် ရွာနှုန်း ၈၀ ဖြစ်ပါတယ်” ဟု ပါရှိသည်။

ချင်းပြည်နယ်တွင် စပါးစိုက်ပျိုးမှုသည် စီးပွားဖြစ်လုပ်ငန်း မဟုတ်ဘဲ၊ မိသားစုအတွက် ဝမ်းစာစပါးအဖြစ် စိုက်ပျိုးကြခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်အတွင်း ဝါးသီး သီးပြီးနောက် ကြွက်များသည် ဝါးအပွင့်များကို စားသုံး၍ ပိုမို၍ မျိုးပွားမှုနှုန်း မြင့်တက်လာကာ အစားအစာအဖြစ် လယ်ယာစိုက်ခင်းများကို စားသောက်ဖျက်ဆီးသဖြင့် ဟားခါး၊ ထန်ထလန်၊ မတူပီ၊ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်ရှိ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများသည် မျိုးစပါးနှင့် စိုက်ပျိုးစရိတ် ပိုမိုခက်ခဲနေကြောင်းလည်း သိရသည်။

ထို့အပြင် ယခုနှစ်တွင်လည်း ထန်ထလန်မြို့နယ်ရှိ ကျေးရွာအချို့၌ စပါးမျိုးကြဲသောအခါ ကြွက်များက မျိုးစေ့များကို စားသောက်ပစ်သည်များ ထပ်မံ ကြံုတွေ့နေရပြန်သည်။

“အခုနောက်ပိုင်း ငြိမ်နေတာ။ လယ်ပြန်လုပ်တော့ ဘယ်ကနေ ဘယ်လိုထွက်လာလဲ မသိဘူး။ ဒီနေ့ စပါးမျိုး ကြဲလို်က်ရင် ညဆိုရင် မရှိတော့ဘူး။ စားစားကုန်တာ။ ဘယ်လိုမှ လယ်လုပ်လို့ မရဘူးဖြစ်နေတယ်” ဟု ထန်တလန်မြို့နယ် နှရိမ်ကျေးရွာမှ ရွာသားတဦးက မဇ္စျိမကို ပြောသည်။

နှရိမ်ရွာတွင် လယ်ဧက ၈၀ ခန့် ရှိရာမှာ ယခုအချိန်ထိ မည်သူမှ စပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးပါ။

''မိုးမရွာတော့ ပိုဆိုး၊ အရေးထဲ ကြွက်က တချို့နေရာတွေမှာ ပြန်ထနေတယ်လေ” ဟု ရန်ကုန်အခြေစိုက်် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အေဂျင်စီ - CAD မှ ညွှန်ကြားရေးမှူး ဦးဂျိုးဇက် ဝင်းလှိုင်ဦးက မဇ္စျိမကို ပြောသည်။

“ချင်းပြည်နယ်မှာဆိုရင် လယ်ဧက သိပ်မရှိဘူး။ တောင်ယာပဲ လုပ်ကြတာလေ။ … ရှိတဲ့လယ်တွေ စိုက်မယ် ဆိုတော့လည်း မိုးမရွာ၊ ကြွက်ကဖျက်နဲ့ လှည့်ပတ်နေတယ်၊ ပြဿနာက” ဟု မတူပီမြို့ ဒေသခံက ပြောသည်။

Most read this week