ချင်းမိုင် (မဇ္စျိမ)။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် - ဗကသ အထက်ဗမာပြည် (ယာယီ) ကို မန္တလေးမြို့၌ ဇွန်လ ၃၀ ရက်နေ့က လျှို့ဝှက်ကျင်းပသည့် အစည်းအဝေးတရပ်တွင် တိုးချဲ့ဖွဲ့စည်းလိုက်သည်။
စစ်အစိုးရအဆက်ဆက်ကို မြေအောက်သဏ္ဍာန်ဖြင့် ဆန့်ကျင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် ဗကသ၏ အထက်ဗမာပြည် စည်းရုံးရေးကော်မတီ (ယာယီ) ကို လူမျိုးပေါင်းစုံ ရ ဦးဖြင့် ထပ်မံ၍ တိုးချဲဲ့ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားခြင်း ဖြစ်သည်။
“ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမယ်။ အဓိကတော့ လက်ရှိ မြန်မာပြည် ပညာရေး၊ လူမှုရေးဆိုင်ရာ အခွင့်အရေးတွေ နိမ့်ကျနေတယ်။ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး၊ ဒီမိုကရေစီ ပညာရေးနဲ့ ကျောင်းသားထု အခွင့်အရေးတွေကို စနစ်တကျ တာဝန်ခွဲဝေ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်” ဟု အဖွဲ့ တာဝန်ခံ စိုင်းသီဟမောင်က မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့်လ ၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု ဗကသ အထက်ဗမာပြည်၏ ကြေညာချက်ထဲ၌ ပါရှိသည်။
ထိုင်းနိုင်ငံတွင် အခြေစိုက်ထားသည့် ဗကသ (နိုင်ငံခြားရေးရာ ကော်မတီ) တာဝန်ခံ ကိုမင်းနိုင်က ''ကျနော်တို့ သဘောထားတွေနဲ့ ကွဲလွဲတာ မရှိဘူး။ ဖွဲ့စည်းမှုက ကျနော်တို့ သဘောထားအရဆိုရင် ဒီနေ့ ကာလမှာ ဗကသဖြစ်ဖြစ်၊ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေ နေရာအနှ့ံပေါ်နိုင်တယ်။ '' ဟု မဇ္စျိမကို ပြောသည်။
ကိုလိုနီနယ်ချဲ့ လက်အောက်၌ မြန်မာနိုင်ငံ ကျရောက်နေသည့် ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို တရားဝင် စတင်ဖွဲ့စည်းခဲ့သည်။
ထို့နောက် ၁၉၅၁ ခုနှစ်တွင် နိုင်ငံတဝန်း ကျောင်းသားထုအား ကိုယ်စားပြုမည့် သမိုင်းဝင် ဗကသ အဖွဲ့ချုပ်အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
တိုင်းပြည် လွတ်လပ်ရေး ရရှိပြီးနောက် ဗကသ ညီလာခံများအား ၆ ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး ဦးနေဝင်း၏ တော်လှန်ရေးကောင်စီမှ တိုင်းပြည်အာဏာ သိမ်းပိုက်ပြီးနောက် ၁၉၆၂ ခုနှစ် ဇူလိုင်လ ရ ရက်နေ့အရောက်တွင် တက္ကသိုလ်ကျောင်းသား၏ ငြိမ်းချမ်းသော ဆန္ဒပြပွဲများအား ပစ်ခတ်နှိမ်နင်းခဲ့ပြီး နောက်တရက်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံအား ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။
ထိုကာလနောက်ပိုင်းမှ စတင်ကာ ဗကသသည် ကျောင်းသားအခွင့်အရေး၊ ဒီမိုကရေစီနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး လှုပ်ရှားမှုများအား မြေအောက်သဏ္ဍာန်ဖြင့် လှုပ်ရှားခဲ့ကြသည်။
ယနေ့ထုတ်ပြန်သည့် ဗကသ အထက်ဗမာပြည် (ယာယီ) ၏ ကြေညာချက်ထဲ၌ တိုင်းပြည်နှင့် လူထု အကျိုးအတွက် နအဖ စစ်အုပ်စုအား တရားသော နည်းလမ်းမျိုးစုံဖြင့် တပ်ဦးမှနေ၍ အလံမလဲစတမ်း ပြတ်သားစွာ တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ဆိုထားသည်။
အဖွဲ့ချုပ် တာဝန်ခံ စိုင်းသီဟမောင်က “ကျနော်တို့ တိုင်းပြည်အကျိုးနဲ့ ကျောင်းသားထု အကျိုးအတွက် နအဖ စစ်အုပ်စုကို နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်။ ကျောင်းသားထု အကျိုးကို ကိုယ်ကျိုးမဖက် ဆက်လက်ဆောင်ရွက်သွားမယ့်အကြောင်း ပြောချင်ပါတယ်” ဟု ပြောသည်။
ဗကသ (နိုင်ငံခြားရေးရာ) တာဝန်ခံ ကိုမင်းနိုင်က ''ဒီနေ့ ကာလမှာ သမဂ္ဂတွေ များများ ပေါ်ထွန်းဖို့ လိုတယ်။ စုစည်းမှုကိုတော့ အားပေးတယ်၊ ဖြစ်စေချင်တယ်။ '' ဟု ပြောသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ-လူထု လုပ်ရှားမှု နောက်ပိုင်းတွင် မတရားအသင်း စွပ်စွဲချက်များဖြင့် ဗကသ အဖွဲ့ဝင်များကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး၊ ယနေ့အထိ မြန်မာအကျဉ်းထောင်များတွင် ကျောင်းသား ၂၉ဝ နှင့် ကျောင်းသူ ၂၃ ဦးကို ဖမ်းဆီးထောင်ချဆဲဖြစ်ကြောင်း ဗကသ (နိုင်ငံခြားရေးရာ ကော်မတီ) က ပြီးခဲ့သည့်လ ၁၂ ရက်နေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။