ကရင်စစ်ပြေးဒုက္ခသည်များ နေရာသစ်သို့ ပြောင်းရွှေ့မည်

ကရင်စစ်ပြေးဒုက္ခသည်များ နေရာသစ်သို့ ပြောင်းရွှေ့မည်
by -
ကိုဝိုင်း
ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာသည့် ကရင် စစ်ပြေးဒုက္ခသည် ၃ဝဝဝ ကျော်အား ထိုင်း- မြန်မာနယ်စပ် ‘ထီးနူခို့’ ယာယီနေရာအသစ်သို့ ပြောင်းရွှေ့ရန် တာဝန်ရှိသူများက စီစဉ်နေ ...

 
 
ချင်းမိုင် (မဇ္စျိမ)။    ။ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာသည့် ကရင် စစ်ပြေးဒုက္ခသည် ၃ဝဝဝ ကျော်အား ထိုင်း- မြန်မာနယ်စပ် ‘ထီးနူခို့’ ယာယီနေရာအသစ်သို့ ပြောင်းရွှေ့ရန် တာဝန်ရှိသူများက စီစဉ်နေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ - KHRG က ပြောသည်။
 
စစ်အစိုးရတပ်များ၊ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA တို့အကြား ယခင်လဆန်းမှစ၍ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းသို့ ထွက်ပြေးလာသော ဒုက္ခသည်များကို ယခုလ ရ နေ့တွင် နေရာသစ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ပြောဆိုခြင်း ဖြစ်သည်။
 
“ဒုက္ခသည်အသစ်တွေကို နေရာအသစ်တခုကို ရွှေ့ပြောင်းဖို့ စီစဉ်နေပါတယ်။ ဒီအပတ်မှာ သူတို့ ဆုံးဖြတ်မှာပေါ့နော်။ သွားပို့ဖို့။ အဲဒီ နေရာကို ထီးနူခို့ လို့ ခေါ်ပါတယ်။ ဒုက္ခသည်နေရာဟောင်းလို့ ပြောတယ်။ သူတို့ တရားဝင်တော့ မကြေညာသေးဘူး။ အနီးစပ်ဆုံးကတော့ သူတို့ပြောတာက ဇူလိုင် ရ ရက်နေ့ပေါ့နော်” ဟု KHRG ပြောခွင့်ရသူ နော်အဲ့ဖောထူးက မဇ္စျိမကို ပြောသည်။
 
ပြီးခဲ့သည့်လ ၂၃ ရက်နေ့က Black ranger ခေါ် အမဲရောင်ဝတ်စုံဝတ် ထိုင်း သစ်တော စောင့်ရှောက်ကာကွယ်ရေး အဖွဲ့၊ ကုလ ဒုက္ခသည် ကော်မတီ၊ အစိုးရမဟုတ်သော NGO အဖွဲ့များ၊ နယ်မြေခံ ထိုင်းစစ်တပ်နှင့် အရပ်ဘက် တာဝန်ရှိသူများ ပါဝင်သည့် အစည်းအဝေး၌ ယင်းကိစ္စကို ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
 
နေရာအသစ်တွင် ၂-၃ လခန့်သာ နေထိုင်ခွင့်ပေးထားမည်ဖြစ်ပြီး အကယ်၍ ဒုက္ခသည်များအနေဖြင့် ကရင်ပြည်နယ်အတွင်းရှိ သူတို့၏ နေရပ်ရင်းသို့ ပြန်ရန် လုံခြံုရေးအရ မဖြစ်နိုင်ပါက ယခင်ရှိပြီးသား မယ်လဒုက္ခသည်စခန်းသို့ ထပ်မံပြောင်းရွှေ့ နေထိုင်စေမည်ဟု သိရသည်။
 
သို့သော် ယင်းဒုက္ခသည်အသစ်များကို ထီးနူခို့စခန်းသို့ ပြောင်းရွှေ့မည်ကို ကြားသိရသော်လည်း ဒုက္ခသည်များ ဌာနေပြန်နိုင်ခြင်း မရှိလျှင် မယ်လစခန်းသို့ ပြောင်းရွှေ့မည့်အကြောင်းကိုမူ မည်သည့်အဖွဲ့အစည်းကမှ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း မယ်လဒုက္ခသည်စခန်း တာဝန်ရှိသူတဦးက ပြောသည်။
 
“မယ်လ ဒုက္ခသည်စခန်းကိုတော့ UNHCR ရော၊ MOI ရော၊ ထိုင်းစစ်တပ်ရော တရားဝင် အကြောင်းကြားတာ ဘာမှ မရှိသေးဘူး။ ကျနော့်တယောက်အနေနဲ့ မြင်တာကတော့ လူဦးရေ အများကြီးဆိုရင်တော့ ကျနော်တို့ စခန်းမှာ အခက်အခဲ ဖြစ်နိုင်တယ်လေနော်။ ရိက္ခာကအစ နေရေးထိုင်ရေးရောပေါ့နော်။ ဒါပေမဲ့ တောထဲတောင်ထဲမှာ နေနေကြတော့ ကျပ်ကျပ်တည်းတည်း နေနိုင်မယ်လို့ ထင်တယ်လေနော်” ဟု စခန်း တွဲဘက်အတွင်းရေးမှူး စောအားကူးက မဇ္စျိမကို ပြောသည်။
 
လက်ရှိ အခြေအနေတွင် ဒုက္ခသည်များသည် ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ နိုဘိုး၊ မယ်အူစုနှင့် အူးသူးထ စသည့် ထိုင်းရွာများ၌ ဖြစ်သလို ခိုလှုံနေကြရသည်။
 
ဒုက္ခသည်များအတွက် လိုအပ်သည့် အစားအစာနှင့် ကျန်းမာရေးအတွက် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များအား အကူညီများ ပေးနေသည့် TBBC ၊ ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်း၊ ကရင်အမျိုးသမီးအဖွဲ့၊ ပညာရေး အကူအညီများ ပေးနေသည့် Zoa အဖွဲ့တို့က ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အကူအညီများ ပေးနေကြောင်း သိရသည်။
 
ကျန်းမာရေးနှင့် ပတ်သက်၍ ကြီးမားသည့် အခက်အခဲမျိုး မကြားသိရသေးသော်လည်း ဒုက္ခသည်များအတွက် သောက်ရေသန့် ရရှိရေး အခက်အခဲများ ရှိနေသည်။
 
စစ်အစိုးရတပ်များ၊ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် DKBA နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ငြိမ်သက်နေသည်မှာ ၄-၅ ရက်ခန့် ရှိသွားပြီဖြစ်ကာ၊ အချို့နေရာများကို KNLA တပ်များက ပြန်လည်၍ နေရာယူနိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလှငွေက မဇ္စျိမကို ပြောသည်။

Most read this week