သတ္ထုတူးစီမံကိန်းကြောင့် ပအိုဝ်း အိုးအိမ်များ ပျက်စီးမည်ဟု PYO ပြော

သတ္ထုတူးစီမံကိန်းကြောင့် ပအိုဝ်း အိုးအိမ်များ ပျက်စီးမည်ဟု PYO ပြော
by -
ကိုဝိုင်း
ရှမ်းပြည်နယ်တောင်ပိုင်း တနေရာ၌ စစ်အစိုးရနှင့် ပြည်တွင်း-ပြည်ပ ကုမ္ပဏီများ ပူးပေါင်း၍ သံရိုင်းသတ္တု တူးဖော်မည့် စီမံကိန်းကြောင့် ပအိုဝ်းပြည်သူများ၏ အိုးအိမ်များ ထောင်ချီ၍ ပျက်စီးဆုံးရုံးမည်ဟု ထိုင်းနိုင်ငံအခြေစိုက် ပအိုဝ်းလူငယ် အစည်းအရုံးက ပြော ...

ချင်းမိုင် (မဇ္စျိမ)။     ။ ရှမ်းပြည်နယ်တောင်ပိုင်း တနေရာ၌ စစ်အစိုးရနှင့် ပြည်တွင်း-ပြည်ပ ကုမ္ပဏီများ ပူးပေါင်း၍ သံရိုင်းသတ္တု တူးဖော်မည့် စီမံကိန်းကြောင့် ပအိုဝ်းပြည်သူများ၏ အိုးအိမ်များ ထောင်ချီ၍ ပျက်စီးဆုံးရုံးမည်ဟု ထိုင်းနိုင်ငံအခြေစိုက် ပအိုဝ်းလူငယ် အစည်းအရုံးက ပြောသည်။
 
တောင်ကြီးနှင့် ဟိုပုံးမြို့အနီး၌ “ပင်းပက်တောင် သံရိုင်းတူးဖော်ရေး စီမံကိန်း” သည် ဒေသတွင်းမှ ‘ပင်းပက်တောင်’ တခုလုံးကို တူးဖော်ထုတ်လုပ်ရန် ရည်ရွယ်ပြင်ဆင်နေပြီ ဖြစ်သဖြင့် တောင်ခြေနေ ကျေးရွာ ၂၅ ရွာမှ လူထု ရ ထောင်ကျော်၏ အိုးအိမ်များ ပျက်စီးမည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။
 
“သတ္တုတွင်းကို မြေမျက်နှာပြင် အပွင့်တူးစနစ်နဲ့ တူးမှာဖြစ်တယ်။ ဥပမာ နောင်ကာကယ်၊ ပင်ငို၊ မဲုင်းဟဲုင်၊ လိုင်းငေါက်၊ နောင်ချို ရွာတို့ဆိုရင် တောင်ခြေမှာ ရှိတယ်ဗျ။ တောင်တူးရင် အဲဒီ ကျောက်တုန်းတွေလည်း လိမ့်ကျမယ်။ အခုတောင် လမ်းဖောက်ရုံပဲ ရှိသေးတယ် ကျောက်တုံးတွေ၊ မြေတွေ ပြိုကျလာတော့ မြေတူးသမားတွေ အလုပ်လုပ်နေရင် ရွာသားတွေက သူတို့ ခြံတွေကို မသွားရဲဘူး” ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO ပြောခွင့်ရသူ ခွန်ချန်ကီက မဇ္စျိမကို ပြောသည်။
 
ယခုတွင်းကို (၁၉၆၁-၆၂) ခုနှစ် ကတည်းက တကြိမ်တူးခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် ရပ်တန့်သွားခဲ့ရာမှ ၁၉၉၂-၉၃ ခုနှစ်တွင် ပြန်တူးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက် ၂၀၀၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။
 
၁၉၉၃ ခုနှစ်၌ ယခုစီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့စဉ်က လုံခြံုရေးအတွက်ဟု အကြောင်းပြ၍ လျော်ကြေး မပေးဘဲ ပင်းပက်တောင်နှင့် တောင်ကြီးအကြားရှိ မဲတောင်ရွာသားများပိုင်သော စိုက်ပျိုးမြေ ဧက ၁၁၀၀၀ (တသောင်း တထောင်) ကို သိမ်းယူပြီး ၂၁၂ ဆက်သွယ်ရေး တပ်စခန်း တည်ဆောက်ခဲ့မှုကြောင့် မြေယာလက်လွတ်ခဲ့ရသဖြင့် နေရာပြောင်းရွှေ့ နေထိုင်ရသော ရွာသားများ ရှိကြောင်းလည်း သိရသည်။
 
သတ္တုတူးဖော်မှုမှ စွန့်ပစ်ပစ္စည်းများကြောင့် ဒေသ၏ ပင်မရေအရင်းအမြစ်ဖြစ်သည့် ‘သဘက်ချောင်း’ သည်လည်း ညစ်ထေးရဖွယ်ရှိပြီး မြစ်ကြောင်းတလျှောက်နေ ဒေသခံ ၃၅၀၀၀ (၃ သောင်းခွဲ) ကျော်လည်း ထိခိုက်နစ်နာရမည်ဖြစ်ကြောင်း PYO က ဆိုထားသည်။
 
PYO က ယင်းစီမံကိန်းနှင့် ပတ်သက်၍ ၂၀၀၆ ခုနှစ် နိုဝင်ဘာမှစ၍ ယခုနှစ် ဖေဖော်ဝါရီအထိ ကွင်းဆင်းပြီး အချက်အလက် စုဆောင်းကာ “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” အမည်ရှိ ၅၉ မျက်နှာပါ အစီရင်ခံစာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ယနေ့ ထုတ်ပြန်ခဲ့သည်။
 
ပင်းပက်သံရိုင်းသိုက်တွင် ခန့်မှန်းခြေ သံရိုင်း ၅၆.၄ % ပါဝင်သော ဟေမတိုက်သတ္တုရိုင်း တန်ချိန် ၁၀ သန်းခန့်၊ သံရိုင်း ၄၂.၆ % ပါဝင်သော ထုံးကျောက် တန်ချိန် သန်း ရ၀ ခန့်နှင့် ထုံးကျောက်သက်သက် တန်ချိန် သန်း ၃၀ ရှိနေကြောင်း အစီရင်ခံစာ အတွင်း၌ ဖော်ပြထားသည်။
 
၅ နှစ် စီမံကိန်းဖြစ်သည့် ပင်းပက်တောင် စီမံကိန်းသည် တောင်ကြီးမြို့နယ် နမ်းဆီးကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး ဟိုပုန်းမြို့၏ အနောက်တောင်ဘက် ၄ မိုင်ခန့်၊ တောင်ကြီးမြို့၏ အရှေ့တောင်ဘက် ရ မိုင်ခန့် ကွာဝေးကြောင်း သိရသည်။
 
စီမံကိန်းတွင် မြန်မာနိုင်ငံမှ ကျော်သာကုမ္ပဏီ၊ ကမ္ဘောဇတည်ဆောက်ရေး ကုမ္ပဏီလီမိတက်၊ ဝင်းနားစူပါဒိုင်းမွန်း ကုမ္ပဏီလီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့နှင့်အတူ ရုရှအစိုးရပိုင် Tyazhpromexport ကုမ္ပဏီနှင့် အီတလီနိုင်ငံမှ ဒယ်နီရယ်လီ (Danieli) ကုမ္ပဏီတို့ ပါဝင်ပတ်သက်နေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ စီမံကိန်းလုပ်ငန်းများ၌ ရုရှပညာရှင် ၄ ဦး အချိန်ပြည့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
 
၂၀၀၃ ခုနှစ် အကုန် ၂၀၀၄ ခုနှစ် အစပိုင်း၌ စတင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်ကာလတွင် စတင်တူးဖော်မည်ကို သက်ဆိုင်ရာက ထုတ်ပြန်ခြင်း မရှိသေးသော်လည်း သတ္တုသန့်စင်ရန် ဂါလံ ၄ သိန်း ၈ သောင်းဆန့် ရေတွင်း ၂ တွင်း၊ မြေအောက် ဥမင်များနှင့် အရာရှိ အိမ်ယာများ၊ စွမ်းအင်ရရှိရေး သဘာဝဓာတ်ငွေ့လိုင်းများ တည်ဆောက်ပြီးဖြစ်ကြောင်းနှင့် တောင်ထိပ်ရှိ သစ်ပင်၊ ခြံုပင်များလည်း ၂၀၀၈ ခုနှစ်မှ စတင်၍ မြေတူးစက်များဖြင့် ရှင်းထားပြီးဖြစ်ကြောင်း ခွန်ချန်ကီက ပြောသည်။
 
ထို့အပြင် အဆိုပါ စီမံကိန်းနှင့်အတူ ယူရေနီယံသတ္တု တူးဖော်မည်ဟုလည်း စီမံကိန်းအရာရှိများ၏ ပြောဆိုချက်များအား ကိုးကား၍ ဒေသခံများအကြား သတင်းများ ပျံ့နှံ့နေသော်လည်း PYO အနေဖြင့် ပညာရှင်များ မဟုတ်သောကြောင့် အတည်ပြု၍ မရသေးကြောင်း သူက ဆက်ပြောသည်။
 
“၁၉၇၉ ခုနှစ်မှာ ဦးစိုးဝင်းနဲ့ ဦးသန်းဋ္ဌေး ဦးဆောင်တဲ့ ဘူမိဗေဒအဖွဲ့တဖွဲ့က အဲဒီတောင်ခြေမှ စခန်းချပြီးတော့မှ ပင်းပက်တောင်ပေါ်မှာ ယူရေနီယံ လျှို့ဝှက်ရှာဖွေမှုတွေ ပြုလုပ်သွားခဲ့တယ်။ ၃ နှစ်ကျော်ကျော်လောက် လာနေသွားခဲ့တယ်။ အဲဒီတုန်းက မစဉ်းစားမိကြဘူး။ အခု စီမံကိန်းမှာ အလုပ်လုပ်နေတဲ့ အရာရှိတချို့က သူတို့ အရမ်းရင်းနှီးတဲ့ ရွာသားတချို့ကို ဒီနေရာမှာ သံရိုင်းမကဘူးပေါ့။ ယူရေနီယံကိစ္စလည်း ပါဝင်နေတယ်ဆိုပြီး ပြောပြတာပေါ့” ဟု သူက ပြောသည်။
 
မြန်မာနိုင်ငံတွင် လူထုရွေးကောက်ထားသည့် အစိုးရ မရှိသေးသရွေ့ ယခု “ပင်းပက်တောင်သံရိုင်း တူးဖော်ရေးစီမံကိန်း” ကို ရပ်ထားသင့်ကြောင်း PYO က တောင်းဆိုလိုက်သည်။
 
စီမံကိန်းကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများထိခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ သဘာဝ ဝန်းကျင်ပျက်စီးမှုများနှင့် ပတ်သက်၍ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ အင်အားစုများအနေဖြင့် စောင့်ကြည့်စစ်ဆေးမှုများကို အနီးကပ် ပြုလုပ်ပေးရန်သာမက ယူရေနီယံတူးဖော်မည်ဆိုသည့် သတင်းအပေါ်၌လည်း သတိထား စောင့်ကြည့်ကြစေလိုကြောင်းလည်း တောင်းဆိုထားသည်။
 
ပအိုဝ်းလူငယ်အစည်းအရုံး - PYO ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် ပအိုဝ်းဒေသရှိ ရဟန်းသံဃာများ၊ အမျိုးသမီးများ၊ လူငယ်များဖြင့် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီ အခွင့်အရေးများအတွက် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။

Most read this week