ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ ပထမဆုံး A (H1N1) ရောဂါဖြစ်ပွားသူဟု တရားဝင် ထုတ်ပြန် ကြေညာခံရသည့် ၁၃ နှစ်အရွယ် ကျောင်းသူလေးအား ဓာတ်ပုံရိုက်ရန် ကြိုးစားခဲ့သော သတင်းထောက်တဦးကို ယမန်နေ့က တာဝန်ရှိသူများက ထိန်းသိမ်းထားလိုက်သည်။
သတင်းထောက်သည် တာဝန်ကျ အစောင့်အား လာဘ်ပေး၍ ရောဂါဖြစ်ပွားနေသူ ကျောင်းသူလေးအား ဓာတ်ပုံရိုက်ခဲ့သည်။ မည်သူဖြစ်သည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း သတင်းထောက်မှာ ရောဂါကာကွယ်ရေး ကိရိယာများ သုံးစွဲခြင်းမရှိသဖြင့် ရောဂါကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်ဖြစ်သည်ဟု ရန်ကုန်ဆေးရုံကြီး တာဝန်ရှိသူများက ပြောသည်။
“ဒီကိစ္စက ဆေးရုံရဲ့ လုံခြံုရေးကို ချိုးဖောက်ရုံမကဘူး၊ ရောဂါပါ ပြန့်ပွားစေနိုင်တဲ့ အခြေအနေ ဖြစ်နေလို့ပါ” ဟု ရန်ကုန်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး တဦးက ပြောသည်။
“သူ့ကို ရောဂါကူးစက်နိုင်တဲ့ အနေအထား ရှိကောင်းရှိနိုင်ပါတယ်။ မိန်းကလေး (ရောဂါဖြစ်ပွားနေသူ) ကို သီးသန့်ထားတဲ့ အခန်းထဲကို ဝင်မယ့် ဆရာဝန်ကြီးတွေက ပိုးသတ်ထားတဲ့ ဝတ်စုံတွေအပြင် အထူးစီမံထားတဲ့ Mask တွေတပ်ပြီးမှ ဝင်ရတာ။ ဒီသတင်းထောက်က ဘာမှ အကာအကွယ်မသုံးခဲ့တာမို့ သူ့ကို Quarantine အနေအထားနဲ့ စောင့်ကြည့်ရဦးပါမယ်” ဟု ယင်းဆရာဝန်ကြီးက ပြောသည်။
လာဘ်ယူပြီး ခွင့်ပြုခဲ့သော အစောင့်အား အလုပ်ထုတ်အရေးယူခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီး လူနာဆောင်အမှတ် (၁၁-၁၂) ၌ ထားရှိသော A (H1N1) ရောဂါဖြစ်နေသူလေး၏ မိဘများ၊ သူမနှင့်အတူ စာသင်ခဲ့သော စာသင်ဝိုင်းမှ အခြားကလေးများ အားလုံးကို စောင့်ကြည့်စစ်ဆေးနေဆဲ ဖြစ်သည်။
အဆိုပါ ၁၃ နှစ်သမီး ကျောင်းသူလေးအား ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်လေဆိပ်၌ အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးခဲ့သော်လည်း မည်သည့်ထူးခြားမှုမျိုးမှ မတွေ့ခဲ့ရဘဲ စာသင်ဝိုင်းသို့ ရောက်ရှိချိန်တွင် ဆရာမမှ သူမ ချောင်းဆိုးမှု ပုံမှန်မဟုတ်ကြောင်း စတင်သတိပြုမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆရာမမှာ အမျိုးသားကျန်းမာရေးဌာန (MHA) မှ ဆရာဝန် တဦးဖြစ်ကြောင်း သိရှိရပြီး၊ ယင်းဆရာမကိုယ်တိုင် ကလေးအား ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း သိရသည်။
စာသင်ဝိုင်းရှိ အခြား ကျောင်းသား၊ ကျောင်းသူအားလုံးကို စမ်းသပ်စစ်ဆေးပေးနေသော်လည်း၊ ကျောင်းသား (သို့) ကျောင်းသူတဦးမှာ နယ်သို့ပြန်သွားခဲ့သဖြင့် အချိန်မီ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။ ယင်း ကျောင်းသား (သို့) ကျောင်းသူမှာ ဒီပဲယင်းမြို့သို့ ပြန်သွားခဲ့သည်။
Published
Monday, June 29, 2009 - 15:57
တုပ်ကွေးသတင်း လိုက်သူ သတင်းထောက် ထိန်းသိမ်းခံရ
မြန်မာနိုင်ငံ၏ ပထမဆုံး A (H1N1) ရောဂါဖြစ်ပွားသူဟု တရားဝင် ထုတ်ပြန် ကြေညာခံရသည့် ၁၃ နှစ်အရွယ် ကျောင်းသူလေးအား ဓာတ်ပုံရိုက်ရန် ကြိုးစားခဲ့သော သတင်းထောက်တဦးကို ယမန်နေ့က တာဝန်ရှိသူများက ထိန်းသိမ်းထား ...