ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဝင်ရောက်မှုနှင့် ပတ်သက်၍ သူမတွင်သာ တာဝန်ရှိကြောင်း မြန်မာနိုင်ငံ ရဲချုပ်က ယနေ့ ပြောသည်။
ပထမအကြိမ် လာရောက်စဉ်ကတည်းက တာဝန်ရှိသူများကို သတင်းပြည့်စုံစွာ မပို့ခဲ့ဘဲ ထိန်ချန်ထားခဲ့သည်ဟူ၍ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရန်ကုန်ရှိ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးပြတိုက်၌ ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသွားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လုံခြံုရေးတပ်ဖွဲ့ဝင်များကို တိုက်ရိုက်သတင်းမပို့ဘဲ ၄ ရက်အကြာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကျမှ သူမအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော ဒေါက်တာတင်မျိုးဝင်းကတဆင့် သတင်းပို့ခဲ့သဖြင့် သဲလွန်စရရန် ခက်ခဲပြီး အဖြစ်မှန် မဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲချုပ်က ဆိုသည်။
မစ္စတာယက်တောသည် ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်ပြီး၊ ဝေဖန်သုံးသပ် ဆင်ခြင်နိုင်စွမ်း မြင့်မားသည့် ပုဂ္ဂိုလ်တဦးဖြစ်ကြောင်းနှင့် စိတ်ဝေဒနာရှင် ကျပ်မပြည့်သူတဦးဆိုတာ မဟုတ်မှန်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
မစ္စတာ ယက်တောသည် အင်လျားကန်အတွင်း ကိုက် ၃၀၀၀ ကျော် အကွာအဝေးကို ဖြတ်ကူးပြီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း ခိုးဝင်ခဲ့သည်ကို အစားအသောက် နေရာထိုင်ခင်းဖြင့် လက်ခံခဲ့မှုဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်ကာလအတွင်း စည်းကမ်းချိုးဖောက်သည်ဟုဆိုကာ တရားစွဲဆိုထားသည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်က သူ့တွင် အပြစ်ကျူးလွန်မှု မရှိကြောင်း တရားရုံးတွင် ကိုယ်တိုင်ထွက်ဆိုထားပြီး၊ အကျယ်ချုပ်ကျနေသည့် သူ့ကို လုံခြံုရေးစောင့်ကြည့်သူများတွင်သာ တာဝန်ရှိသည်ဟု ထွက်ဆိုထားသည်။
မြန်မာစစ်အစိုးရအနေဖြင့် မစ္စတာယက်တော၏ အမှုသည် ကြိုတင်ကြံစည်မှုဖြစ်ပြီး နောက်ကွယ်တွင် အဖွဲ့အစည်းတခုခု ပါဝင်ပတ်သက်နေသည်ဟု သံသယရှိနေကြောင်းကို ရဲချုပ်၏ ပြောစကားများတွင် ပါရှိသည်။ သို့သော် မည်သည့်အဖွဲ့ဖြစ်သည်ကို စုံစမ်းဖော်ထုတ်ဆဲဖြစ်သည်ဟု ရဲချုပ်က ပြောသည်။
အတိုက်အခံများကမူ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်စု မပါဝင်စေလိုခြင်းနှင့် ရွေးကောက်ပွဲကာလအတွင်း လွတ်မြောက်နေစေလိုခြင်း မရှိသည့်အတွက် နေအိမ်အကျယ်ချုပ်သက်တမ်း ကုန်တော့မည့်အချိန်တွင် စစ်အစိုးရက စီစဉ်ခဲ့သည့်အမှုဟု စွပ်စွဲထားကြသည်။