နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေနှစ်ဦးအား ပြင်ဆင်ခွင့် လက်ခံရန်အတွက် သူမ၏ ရှေ့မျေားက ယနေ့တွင် လျှောက်လဲချက်ပေးခဲ့ရာ ဗဟိုတရားရုံးက ကြားနာခဲ့ပြီး၊ တစုံတရာ စီရင်ချက် ချခဲ့ခြင်း မရှိပါ။
ကျန်ရှိနေသည့် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်အား သက်သေများအဖြစ် ဥပဒေနှင့်အညီ လက်ခံပေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က လျှောက်လဲချက်ပေးခဲ့ခြင်း ဖြစ်သည်။
''ဗဟိုတရားရုံးကတော့ ချက်ချင်း ဆုံးဖြတ်ချက်တော့ မချပါဘူး။ ဆုံးဖြတ်ချက် မချခင် အချိန်ယူလိမ့်မယ်။ ဘယ်တော့မှ ကြေညာမယ်ဆိုတာ ကျနော်တို့ မသိပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အကျိုးဆောင် ရှေ့နေအဖွဲ့ အဖွဲ့ဝင်နှင့် အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
သို့သော်လည်း လက်ရှိ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဦးတင်ဦးကို လက်ခံရန် ဖြစ်နိုင်ဖွယ် ရှိကောင်းမှ ရှိမည်ဟူ၍ ဗဟိုတရားရုံး တရားသူကြီးများက သူတို့ကို ပြောဆိုခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
ပြည်ပအခြေစိုက် ဒီဗီဘီ၊ ဘီဘီစီ၊ အာအက်ဖ်အေ အသံလွှင့် သတင်းဌာနများသို့ အင်တာဗျူး အများအပြား ပေးနေသည့် ဦးဝင်းတင်အနေဖြင့်လည်း အာဏာပိုင်များနှင့် သဘောထားချင်း ကိုက်ညီမှုမရှိသဖြင့် အရည်အသွေး ပြည့်မီဖွယ်မရှိကြောင်း တရားသူကြီးများက ရှင်းပြခဲ့သည်ဟူ၍ သူက ဆိုသည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နောက်တဦးဖြစ်သူ ဦးကြည်ဝင်းကမူ အမှန်တရားကို ရှာဖွေရာ၌ ထောင်ဒဏ် တသက်တကျွန်း ကျခံရသူကိုပင် သက်သေအဖြစ်နှင့် ခေါ်ယူနိုင်သေးကြောင်း ပြောသည်။
''အစကတည်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလိုအကြောင်းပြချက်မျိုးနဲ့ သူတို့ ငြင်းပယ်လိမ့်မယ်လို့ ကျနော် ထင်ခဲ့ပြီးသားပါ။ ဒါပေမဲ့ ဥပဒေမှာကတော့ အမှုနဲ့ ဟပ်စပ်မှုရှိရင်တော့ ဘယ်သူမဆို သက်သေအဖြစ် ခေါ်ခွင့်ရှိပါတယ်'' ဟု ဦးကြည်ဝင်းက ပြောသည်။
ထောင်ထဲ၌ ကော်မရှင်ဖွဲ့၍ အကျဉ်းသားများအား သက်သေအဖြစ် ကြားနာမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ကြံုခဲ့ဖူးကြောင်း သူက ဆက်ပြောသည်။
ဦးဝင်းတင်နှင့် ပတ်သက်၍လည်း လူတိုင်းတွင် ကိုယ်ပိုင် သဘောထားအမြင်များ ရှိခွင့်ရှိကြောင်းနှင့် အစိုးရနှင့် အမြင်မတူသည်မှာ ပြစ်မှုကျူးလွန်ခြင်း မဟုတ်ကြောင်း ဦးကြည်ဝင်းက မဇ္စျိမကို ပြောဆိုသည်။
''ကျနော်တို့ အခု ကြိုးစားနေတာက တရားရုံးမှာ တန်းတူညီမျှစွာ တင်ပြခွင့် ရရှိရေး ဖြစ်ပါတယ်။ အောက်ရုံး (အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံး) က သက်သေတွေကို ဘာကြောင့် ပယ်ချခဲ့တယ်ဆိုတာ ဥပဒေအရ ပြောဖို့ ရှိပါတယ်။ မပြောဘူးဆိုတာကတော့ ဥပဒေနဲ့ ကိုက်ညီမှု မရှိပါဘူး'' ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယသက်သေဖြစ်သည့် ဒေါ်ခင်မို့မို့သည် လာမည့် သောကြာနေ့တွင် အင်းစိန် ခရိုင်တရားရုံး၌ ထွက်ဆိုမှု ပြုလုပ်ရန် ချိန်းဆိုထားသော်လည်း၊ ဗဟိုတရားရုံးက အမိန့်ချမှတ်ခြင်း မရှိသ၍ ခရိုင်တရားရုံးအနေဖြင့် ဆက်လက်ကြားနာမှု ပြုလုပ်နိုင်မည် မဟုတ်ကြောင်း သူက ဆက်ပြောသည်။
ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် အကျယ်ချုပ် ကျခံနေခဲ့ရကာ၊ ထိန်းသိမ်းသည့် သက်တမ်းပြည့်ခါနီး ပြီးခဲ့သည့် မေလဆန်းတွင် နေအိမ်ခြံဝင်းအတွင်း အမေရိကန် နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်လာသဖြင့် ယခုအခါ တရားစွဲဆိုခံနေရသည်။
ဤတရားစွဲဆိုမှုသည် မြန်မာစစ်အစိုးရက ရည်ရွယ်ထားသည့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပရေးတွင် ပိုမိုရှင်းလင်းစေရန်အတွက် ရမယ်ရှာခြင်းသာဖြစ်ကြောင်း လေ့လာသူများနှင့် အတိုက်အခံအင်အားစုများက ယုံကြည်နေကြသည်။
Published
Wednesday, June 24, 2009 - 23:15
ဒေါ်စု၏ ရှေ့နေများ လျှောက်လဲချက်ကို ဗဟိုတရားရုံး ကြားနာ
ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေနှစ်ဦးအား ပြင်ဆင်ခွင့် လက်ခံရန်အတွက် သူမ၏ ရှေ့မျေားက ယနေ့တွင် လျှောက်လဲချက်ပေးခဲ့ရာ ဗဟိုတရားရုံးက ကြားနာခဲ့ပြီး၊ တစုံတရာ စီရင်ချက် ချခဲ့ခြင်း မရှိ ...