ချင်းမိုင် (မဇ္စျိမ)။ ။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရွှေတွင်းဒေသများတွင် စစ်တပ်က အရွယ်ရောက် လူငယ် ၅၀ ကျော်ကို ယခုလ ၁ ရက်နေ့က ပေါ်တာ ဆွဲသွားသည်ဟု ဒေသခံများ အပြောအရ သိရသည်။
လိပ်ကျ၊ ရွှေတော၊ ကွင်းသုံးဆယ်၊ ချောင်းကြီး၊ အရိုးတောင် ခေါ် မျောက်တောင်၊ ကျောက်လှည်းဘီး၊ ဇရပ်ကွင်း ကျေးရွာတို့မှ လူငယ် ၅၀ ကျော်ကို ယင်းနေ့ ညပိုင်းတွင် စစ်တပ်က ခေါ်ယူသွားခဲ့ခြင်း ဖြစ်သည်။
“စစ်ကား ၅ စီးနဲ့ လာခေါ်သွားတာ။ လက်ဖက်ရည်ဆိုင်တို့ စားသောက်ဆိုင်တို့က ဒီရွာတွေမှာ မန္တလေး အတိုင်းပဲ ညဆို စည်ကားတယ်။ အဲဒီမှာ လူငယ်တွေကို ဆွဲခေါ်သွားတာ။ ရွာတွေ အားလုံး တရက်ထဲ ဗြုန်းစားကြီး ဖြစ်သွားတာ” ဟု သပိတ်ကျင်း ဒေသခံတဦးက မဇ္စျိမကို ပြောသည်။
အခြား ဒေသခံတဦးကလည်း “သပိတ်ကျင်းမှာ အဲလို တခါမှ မဖြစ်ဖူးဘူး။ ဒါက ပထမဆုံးအကြိမ်ပါ။ အခုတော့ တယောက်ကို တသိန်း (ကျပ်) နဲ့ ရွေးရတယ်လို့ ပြောတယ်။ ၅ ယောက်လောက်တော့ လွတ်လာပြီ” ဟု ပြောသည်။
ကျေးရွာလူထုအနေဖြင့် သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီး ကျေးရွာတွင် တပ်ချထားသော ခလရ ၁၄၈ မှ ယခုကဲ့သို့ ပေါ်တာဆွဲခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေး ပြောဆိုနေသည်။
ပေါ်တာဆွဲခံရသည့် ဒေသများမှာ ရွှေထွက်ရှိရာ ဒေသခံကျေးရွာသားများအပြင် စစ်ကိုင်းတိုင်းအတွင်းမှ ရွှေဘို၊ ဝက်လက်၊ အရာတော်၊ တန့်ဆည်မြို့များမှ လုပ်သားများလည်း ပုဂ္ဂလိက ရွှေတူးခြင်း လုပ်ငန်းကို ရွှေ့ပြောင်းလုပ်ကိုင်ရာ ဒေသလည်း ဖြစ်သည်။
Published
Monday, June 22, 2009 - 22:28
သပိတ်ကျင်းမှာ စစ်တပ်က ပေါ်တာဆွဲ
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရွှေတွင်းဒေသများတွင် စစ်တပ်က အရွယ်ရောက် လူငယ် ၅၀ ကျော်ကို ယခုလ ၁ ရက်နေ့က ပေါ်တာ ဆွဲသွားသည်ဟု ဒေသခံများ အပြောအရ သိရ ...