ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံခြား ခရီးသွားများအား ပိုမိုလာရောက်နိုင်ရန် ဆွဲဆောင်သည့်အနေဖြင့် online မှတဆင့် ဆိုက်ရောက်ဗီဇာ လျှောက်ထားခွင့် ပေးသော်လည်း အကန့်အသတ်များ ရှိသောကြောင့် လွန်ခဲ့သည့် ၈ လအတွင်း လျှောက်ထားသူ ဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်သာ ဝင်ရောက်ခွင့်ရကြောင်း သိရသည်။
ဆိုက်ရောက်ဗီဇာ (On arrival visa) ထုတ်ပေးမှုကို ခရီးသွားလုပ်ငန်း ကုမ္ပဏီ Diamond Palace Travel and Tour Co., Ltd မှ ဆောင်ရွက်ပေးသော်လည်း မြန်မာစစ်အစိုးရ ချမှတ်ပေးသည့် အကန့်အသတ်များကြောင့် လွန်ခဲ့သည့် စမ်းသပ်ကာလ ၈ လအတွင်း အရေအတွက် နည်းပါးစွာ ခွင့်ပြုနိုင်ခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်း အဆိုအရ သိရခြင်းဖြစ်သည်။
“ကျနော်တို့ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတာပါ။ ခရက်တစ်ကဒ်နဲ့ ငွေပေးချေဖို့ အဆင်မပြေလို့ ညှိနှိုင်းရတာ တော်တော်ကြာတယ်။ စမ်းသပ်ဆောင်ရွက်ပေးတဲ့ ကာလက ၈ လလောက် ရှိပါပြီ။ ဆိုက်ရောက်ဗီဇာနဲ့ လာတဲ့ခရီးသည် ၁၅ဝဝ လောက် ရှိပါပြီ။ ဒါတောင် ကန့်သတ်ချက်အမျိုးမျိုးနဲ့ ဗီဇာတင်တဲ့ ခရီးသည်တွေရဲ့ လေးပုံတပုံလောက်ပဲ ရပါတယ်” ဟု ကုမ္ပဏီ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောပြသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်းတဦးကလည်း “တကယ်တမ်းတော့ ဆိုက်ရောက်ဗီဇာကို အရင်က မြန်မာနိုင်ငံကို လာဖူးပြီး၊ နာမည်ပျက်မရှိတဲ့ သူတွေကိုပဲ ပေးပါတယ်။ နောက်ပြီး အာရှနိုင်ငံတွေက အဖွဲ့လိုက်လာမယ့် ခရီးသည်တွေကို ပေးပါတယ်။ ကျန်တာက အွန်လိုင်း ဆိုက်ရောက်ဗီဇာကနေ ခွင့်ပြုလိုက်တာ မရှိသလောက် ရှားတယ်” ဟု ဆိုသည်။
ပြည်ဝင်ခွင့်ဗီဇာ လျှောက်သူများသည် လိုအပ်သည့် အထောက်အထားများနှင့် ပြည့်စုံပါက ဆိုက်ရောက်ဗီဇာကို အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အေးမြင့်ကြူက ယခုလ ၁၃ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အစည်းအဝေးတွင် ပြောခဲ့သော်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကန့်သတ်ချက်များစွာဖြင့် သေချာ စိစစ်ပြီးမှသာ ဗီဇာထုတ်ပေးလေ့ရှိသည်ဟု သူက ဆိုသည်။
ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဗီဇာတင်းကျပ်မှု အခြေအနေကြောင့် ခရီးသွားလုပ်ငန်းနှေးကွေးပုံကို ဗိုလ်မှူးချုပ် အေးမြင့်ကြူက “ဆိုက်ရောက်ဗီဇာ ထုတ်ပေးတယ်ဆိုပေမယ့် အဖွဲ့လိုက်လာတဲ့ ခရီးသည်တွေကိုပဲ ပေးရဲပါသေးတယ်။ တချို့နိုင်ငံတွေ ဥပမာ နေ့တိုင်း အသေခံဗုံးဖောက်ခွဲနေတဲ့ နိုင်ငံက သူတွေဆိုရင် ပေးလို့မဖြစ်သေးပါဘူး။ တချို့ ဗီဇာလျှောက်တုန်းက ပြောထားတဲ့ အချက်အလက်နဲ့ တကယ်လာတော့ တွေ့ရတဲ့ အချက်အလက် လွဲနေတာတွေဆိုရင်လည်း ဗီဇာ မပေးတာမျိုးတွေ ရှိပါတယ်'' ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ''လျှောက်တုန်းက ဆံပင်အရောင် အနက်ဆိုပြီး ဒီရောက်မှ ဆံပင်အနီရောင် ဆိုးထားလို့ ဗီဇာ မထုတ်ပေးတာမျိုးတွေလည်း ရှိပါတယ်။ အဲဒါမျိုးတွေက နည်းနည်းတော့ လိုက်လျောညီထွေ လုပ်ပေးသင့်ပါတယ်။ အဲဒါမှ ခရီးသွားလုပ်ငန်းက ပိုပြီး အခြေအနေ ကောင်းလာမှာပါ” ဟု သူက ထောက်ပြပြောဆိုခဲ့သည်။
အွန်လိုင်းမှတဆင့် ဆိုက်ရောက်ဗီဇာ လျှောက်ထားလိုသူများအနေဖြင့် www.myanmarvisa.net နှင့် www.myanmarvisaexpress.com ဝဘ်ဆိုဒ်များသို့ ဝင်ရောက်လျှောက်ထားနိုင်သည်။
ထို့အပြင် ၃ ရက် ကြိုတင်လျှောက်ထားရမည်ဖြစ်ကာ ဗီဇာငြင်းပယ်ခံရသူများကို ၂၄ နာရီအတွင်း ပြန်လည်၍ အကြောင်းကြားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်းမှ စတင်ကာ ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက်မှု အလွန်အမင်း ကျဆင်းသွားခဲ့ပြီး ဆက်တိုက်ဆိုသလို ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် ခရီးသွား လုပ်ငန်းများ ဆက်လက်ကျဆင်းခဲ့သဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်လိုသဖြင့် ထိုကဲ့သို့ ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှုကို တရားဝင် စတင်လုပ်ဆောင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့် ခရီးသွားများသည် ဗီဇာခွင့်ပြုချက် ရလျှင်လည်း မိမိသွားလိုသော ခရီးစဉ်များကို ရန်ကုန်မြို့ ဗိုလ်ဆွန်ပတ်လမ်းရှိ မြန်မာခရီးသွား လုပ်ငန်းဌာန ရုံးခန်းတွင် ထပ်မံ၍ ထောက်ခံချက် ပြုလုပ်ပြီးမှသာ သွားရောက် လည်ပတ်နိုင်မည်။