ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပန်းမှုတွင် ပြင်သစ်နှင့် ဂျာမဏီနိုင်ငံတို့ ပါဝင်လာ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပန်းမှုတွင် ပြင်သစ်နှင့် ဂျာမဏီနိုင်ငံတို့ ပါဝင်လာ
ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းနှင့် စပ်လျဉ်း၍ မြန်မာ စစ်အာဏာပိုင်များကို နောက်ထပ် ဖိအားပေးနိုင်ရေးအတွက် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အကူအညီများကို ရယူသွားမည်ဟု ကြာသပတေးနေ့က ပဲရစ်မြို့တွင် ပူးတွဲ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ...

ချင်းမိုင်။     ။ ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းနှင့် စပ်လျဉ်း၍ မြန်မာ စစ်အာဏာပိုင်များကို နောက်ထပ် ဖိအားပေးနိုင်ရေးအတွက် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အကူအညီများကို ရယူသွားမည်ဟု ကြာသပတေးနေ့က ပဲရစ်မြို့တွင် ပူးတွဲ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဂျာမဏီနှင့် ပြင်သစ်နိုင်ငံ အကြီးအကဲများ ဖြစ်ကြသော အင်ဂျလာမာကဲလ် (Angela Merkel) နှင့် နစ်ကိုလတ်စ် ဆာကိုဇီ (Nicholas Sarkozy) တို့က ပြောကြားသွားပါသည်။

သူမ၏ နေအိမ်အကျယ်ချုပ် စည်းကမ်းများကို ဖောက်ဖျက်သည်ဟု ဆိုကာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ဖွယ်သည့် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော ဆင်းရဲဒုက္ခများအတွက် သူနှင့် ဂျာမဏီနိုင်ငံ အဓိပတိ မာကဲလ် တို့သည် ´အလွန်အမင်း စိုးရိမ် ပူပန်ကြကြောင်း´ ပြင်သစ် သမတကြီး ဆာကိုဇီ က ကြေငြာခဲ့ပါသည်။

ဒီမိုကရေစီ ခေါင်းဆောင်ကို ဖုံးဆက်ရန် သူကြိုးစားခဲ့သေးကြောင်း ဆာကိုဇီက ထုတ်ဖော် ပြောကြားခဲ့သည်၊ သို့သော် သူ၏ မေတ္တာရပ်ခံချက်ကို စစ်အစိုးရက ငြင်းပယ်ခဲ့သည်ဟု ပြောပြီး မြန်မာစစ်အစိုးရ၏ သဘောထားမှာ ´အလွန်ထူးခြား´ သည်ဟုလည်း သူက ပြောသည်။

´ကျနော်တို့ရဲ့ အိန္ဒိယနဲ့ တရုတ် မိတ်ဆွေတွေဆီကလဲ အကူအညီ တောင်းသွားမှာပါ။ စိတ်မကောင်းစရာ ရှောင်လွှဲလို့ မရနိုင်တော့တဲ့ အပြစ်ပေးမှုများ မတိုင်မီ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်အတွက် ကျနော်တို့ရဲ့ စိုးရိမ် ပူပန်မှုတွေကို ထည့်သွင်း စဉ်းစားပေးဘို့ ခုလို အကူအညီ တောင်းသွားမှာ ဖြစ်ပါတယ်´ ဟု သမတကြီး ဆာကိုဇီက ပြောကြားသွားသည်။

လူ့အခွင့်အရေး ကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ဆံပုံ တိုးတက် ကောင်းမွန်လာရေး အတွက် ´ဒေသတွင်း မိမိတို့ လက်တွဲဖက်များ´၊ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယတို့၏ အကူအညီ ရရှိရေး အတွက် ဖိတ်ခေါ် ကမ်းလှမ်းသွားမည်ဟု မာကဲလ်ကလည်း ပြောသည်။

လွန်ခဲ့သော ရက်သတ္တပတ်က ကျင်းပခဲ့သော ဥရောပ ရွေးကောက်ပွဲများအပြီး မတည်ငြိမ်ဆဲ ဥရောပနိုင်ငံခြားရေး ပေါ်လစီ အုတ်မြစ်ကို ခိုင်မာ တောင့်တင်းစေရန် ကြိုးပန်းသည့် အနေနှင့်၎င်း၊ ဤပြဿနာအပေါ် မိမိတို့၏ ညီညွတ်မှုကို အတည်ပြု၍ တသံတည်း ထွက်စေရန်အတွက်၎င်း၊ ပဲရစ်-ဘာလင် ဝင်ရိုးတန်း နှစ်နိုင်ငံ ခေါင်းဆောင်များက ဤသို့ ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

သူမ၏ နေအိမ်ခြံဝင်းထဲသို့ လွန်ခဲ့သောလက နိုင်ငံခြားသားတဦး ဝင်ရောက်လာသည်ကို လက်ခံခဲ့၍ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး တရားစွဲဆိုထားကတဲက ယခုအကြိမ်သည်ပ ထမဆုံးအကြိမ် ပြင်သစ် သမတကြီးက တရားဝင် သူမနှင့် စပ်လျဉ်း၍ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ အင်းစိန် အကျဉ်းထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီးနောက် ပြင်သစ်နိုင်ငံသည် ပြင်သစ်သမတကတော် ကာလာဘရူနီဆာကိုဇီ Carla Bruni Sarkozy မှတဆင့် သူမကို လွှတ်ပေးရေးအတွက် လူသိရှင်ကြား တောင်းဆိုခဲ့သည်။ အတိုက်အခံ ခေါင်းဆောင်၏ စိတ်မချရသော ကျန်းမာရေးကို ရည်ညွှန်းကာ သူမကို ထောင်ဒဏ် အပြစ်ပေးလျှင် ´အသက်အန္တရာယ် ခြိမ်းခြောက်ရာ ရောက်မည်´ ဟု သတိပေး ပြောကြားခဲ့သည်။

Most read this week