ဒေါ်စုရှေ့နေ ဦးလှမျိုးမြင့်၏ ဇနီး အကြောင်းမဲ့ အလုပ်ထုတ်ခံရ

ဒေါ်စုရှေ့နေ ဦးလှမျိုးမြင့်၏ ဇနီး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
by -
ဖနိဒါ
ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ ဦးလှမျိုးမြင့်၏ ဇနီးသည်အား မြန်မာစစ်အစိုးရ သမဝါယမဝန်ကြီးဌာနက ယခုလ ၉ ရက်နေ့တွင် အလုပ်ထုတ်လိုက် ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ ဦးလှမျိုးမြင့်၏ ဇနီးသည်အား မြန်မာစစ်အစိုးရ သမဝါယမဝန်ကြီးဌာနက ယခုလ ၉ ရက်နေ့တွင် အလုပ်ထုတ်လိုက်သည်။

ဇနီးသည် ဒေါ်ခင်ခင်အေးသည် သမဝါယမ ဝန်ကြီးဌာန လက်အောက်ရှိ ဗဟို သမဝါယမအသင်း၌ အကြီးတန်း မန်နေဂျာအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေစဉ် အကြောင်းမဲ့ အလုပ်ထုတ်ခံရကြောင်း သိရှိရခြင်း ဖြစ်သည်။

“၉ ရက်နေ့ ညနေမှာ အကြောင်းပြချက် မပါဘဲ၊ ဘာအပြစ်မှ မကျုးလွန်ဘဲနဲ့ သူ့ကို အလုပ်ထုတ်လိုက်တယ်လို့ ဦးလှမျိုးမြင့်က ပြောတယ်” ဟု  အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်နှင့် ဒေါ်စုအမှုတွင် နောက်ထပ် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ထံ ယမန်နေ့က သွားရောက်စဉ် ဇနီးသည် အလုပ်ထုတ်ခံရကြောင်း ဦးလှမျိုးမြင့်က ပြောပြသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။   

ဒေါ်ခင်ခင်အေးသည် ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက သမဝါယမ ဦးစီးဌာနမှ ပင်စင်ယူပြီးနောက် ဗဟို သမဝါယမ အသင်း၌ ဆက်လက် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။  

ပြီးခဲ့သည့်လမှ စတင်ကာ ခင်ပွန်းသည်က ဒေါ်စု၏ အမှုတွင် လိုက်ပါဆောင်ရွက်ပြီးနောက် သမဝါယမအသင်း အကြီးအကဲများက ဦးလှမျိုးမြင့်သည် ဒေါ်အောင်ဆန်းစုကြည် အမှုကို မည်သည့်အတွက် လိုက်ပါရသည်ကို မေးမြန်းစုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။  

ဒေါ်ခင်ခင်အေး အလုပ်ထုတ်ခံရသည့်အပေါ် ဒေါ်စုက မြန်မာနိုင်ငံ ဥပဒေ စိုးမိုးမှုတွင် မှတ်ကျောက်တခု ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့ကြောင်း သိရသည်။  

ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်က ရှေ့နေ ဦးလှမျိုးမြင့်အတွက် ဒီလောက် အရေးမကြီးဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ဒါဟာ အထင်ကရ မှတ်ကျောက်တခုပဲ ဆိုတဲ့သဘော ပြောပါတယ်” ဟု ပြောသည်။  

ဒေါ်စုအမှုအတွက် လိုက်ပေးနေသည့် ရှေ့နေတဦး၏ ဇနီးသည်အား အကြေားပြချက်မရှိ အလုပ်ထုတ်ခြင်းသည် ကျန်ရှိသည့် ရှေ့နေများကိုပါ ဖိအားပေးခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရင်ဆိုင်နေရသည့် တရားစွဲဆိုမှုတွင် အကျိုးဆောင်ပေးနေသည့် ရှေ့နေများမှာ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဋ္ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ ဖြစ်သည်။

Most read this week