ချင်းမိုင် (မဇ္စျိမ) ။ ။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်က ရန်ကုန်တက္ကသိုလ် လေ့ကျင့်ရေးကျောင်းကို မုန့်စျေးတန်း အဆောက်အအုံ ဆောက်လုပ်လှူဒါန်းကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများက သတင်းဖော်ပြကြသည်။
ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်၏ လှူဒါန်းပွဲသို့ ပညာရေး ဒုဝန်ကြီး၊ ရန်ကုန်ပညာရေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှင့် ဖိုးလပြည့်၏ မိသားစုဝင်များပါ တက်ရောက်ခဲ့ကြသည်။
ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းသားဟောင်းဖြစ်သူ ဖိုးလပြည့်က ကျောင်းသူကျောင်းသားများ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသုံးနိုင်ရန် လှူဒါန်းကြောင်း ပြောဆိုခဲ့သည်ဟု သတင်းစာက ဖော်ပြခဲ့ပြီး၊ ဤသည်မှာ သူ၏ လှုပ်ရှားမှုအား နိုင်ငံပိုင် သတင်းစာများတွင် ပထမဆုံးအကြိမ် ဖော်ပြခြင်းလည်း ဖြစ်သည်။
ယင်းမုန့်စျေးတန်း အဆောက်အအုံသစ်ကို ယခုလ ၈ ရက်နေ့က Max Myanmar Co., Ltd အကြီးအကဲ ဦးဇော်ဇော်၊ Asia Glory Trading Co., Ltd မှ ဦးသက်အောင်ချိုနှင့်အတူ သူက ဖွင့်လှစ်ပေးခဲ့သည်။
ဖိုးလပြည့်သည် အသက် ၂ဝ နှစ်ခန့်သာ ရှိသေးပြီး လက်ရှိတွင် လှိုင်သာယာ နည်းပညာ တက္ကသိုလ်ကျောင်းသား ဖြစ်သည်။