ချင်းမိုင်(မဇ္ဈိမ)။ ။ ငါးပိတွင် အနီရောင်ဆိုးဆေး ပါဝင်ခြင်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးသည့် ကိရိယာများကို ယနေ့မှ စတင်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ရောင်းချပေးနေပြီဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်လုပ်ထားသည့် အနီရောင်ဆိုးဆေး တမျိုးတည်းအား စမ်းသပ်သည့် (Rapid Test Kit) ကိရိယာဖြင့် ငါးပိရောင်းသူများကိုယ်တိုင် စစ်ဆေးပြီး ဆိုးဆေးကင်းရှင်းကြောင်း FDA သို့ တင်ပြနိုင်ရန် စတင် ရောင်းချနေခြင်း ဖြစ်သည်။
“ဟုတ်ပါတယ်။ ဒီနေ့ကနေ စပြီး ရောင်းနေပြီ။ အဲဒီမှာ တခါထဲ သင်ပေးလိုက်တယ်။ ကိုယ့်ပစ္စည်းကို ကိုယ်တိုင် စမ်းသပ်ပြီးတော့ ဆိုးဆေးမပါတဲ့အကြောင်းကို ကျနော်တို့ဆီ အရင် ပို့ရတယ်” ဟု FDA ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်းက ပြောသည်။
ယနေ့ ရောင်းချလိုက်သည့် ကိရိယာသည် အနီရောင်ဆိုးဆေး Rhadamine B ကို စမ်းသပ်ရန်ဖြစ်ပြီး၊ ပြီးခဲ့သည့် မေလအတွင်းကလည်း လက်ဖက်တွင် ပါဝင်သည့် အဝါရောင် ဆိုးဆေး Auramine O ပါဝင်မှု ရှိ၊ မရှိ စမ်းသပ်သည့် ကိရိယာကိုလည်း FDA က ထုတ်လုပ်ရောင်းချခဲ့သေးသည်။
ကျန်းမာရေးဌာနမှ ငပိကုန်သည်များ ကိုယ်တိုင် စမ်းသပ်မှု ပြသပေးပြီး တစုံလျှင် ၈ဝဝဝ ကျပ် ပေးဝယ်ရသည်ဟု ယနေ့ သွားရောက်ဝယ်ယူခဲ့သူ ငပိကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။
“အလွန်ဆုံးကြာရင် ၁၅ မိနစ်။ ဖန်ခွက်ထဲ ငပိ လက်မဝက်လောက် ထည့်လိုက်ပြီး ပထမဆုံး ဘေ့စ်လား၊ အရည်တမျိုး ထည့်ရတယ်။ ပြီးတော့ ၃ မိနစ်လောက် ပေးဆူလိုက်တယ်ဗျာ။ အဲဒီနောက် ရေဆေးပစ်လိုက်တယ်။ ပြီးမှ ငပိရည် သွွန်လိုက်တယ်။ ပြီးတော့ သိုးမွှေးစကို ရေနဲ့ ပြန်ဆေး၊ နောက် အက်ဆစ်နဲ့ ပြန်စိမ်ပြီးတော့ အပူပြန်ပေးရတယ်။ အဲဒီအချိန် ဆိုးဆေးပါရင် ရေထဲမှာ ဆိုးဆေး ကျွတ်လာမယ်” ဟု ယနေ့ သွားရောက်ဝယ်ခဲ့သူ အဆိုပါ ငပိကုန်သည်က ပြောသည်။
“အရက်ပြန်မီးခွက်၊ ဖန်ခွက် ပြန်ဝယ်စရာ မလိုဘူး။ ပြန်ဝယ်ရမှာက သိုးမွှေးစရယ်၊ အက်ဆစ်ရယ်၊ ဘေ့စ်ရယ်။ ဆေးရည် နှစ်မျိုးဝယ်ရမယ်။ ဝန်ကြီးဌာနက ပြောလိုက်တယ်။ မပါရင် ရောင်း၊ ပါရင်တော့ မရောင်းရဘူးလို့ ပြောလိုက်တယ်” ဟု သူက ဆက်ပြောသည်။
တဗူးလျှင် ၁ဝ ကြိမ်ခန့် စမ်းသပ်နိုင်ပြီး အက်ဆစ်နှင့် ဘေ့စ် ၂ ပုလင်း၊ သိုးမွှေးစ ၁ဝ ခု၊ ဖန်ခွက် ၁ ခွက်၊ ဓာတ်ခွဲခန်းသုံးသည့် အရက်ပြန် မီးခွက်တို့ ပါဝင်သည်ဟု ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ လက်ဖက်တွင် အဝါရောင် ဆိုးဆေး Auramine O ပါဝင်မှု ရှိ၊ မရှိ ၁ဝ မိနစ်အတွင်း စမ်းသပ်နိုင်သည့် တခါသုံး စမ်းသပ် ကိရိယာများကို တဗူးလျှင် ၈ဝဝ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချနေသည်။
FDA က ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် စားသုံးရန် မသင့်ကြောင်း အသိပေးခဲ့ပြီး ယင်းတို့ထဲတွင် အသင့်စား ငပိထောင်း အမှတ်တံဆိပ် ၂ဝ နှင့် ငပိ အစိမ်း အမှတ်တံဆိပ် ၅၉ မျိုး ပါဝင်သည်။
မေလဆန်းမှ မေ ၂၇ ရက်နေ့အထိ ဗူး ၂၅ဝ ရောင်းချနိုင်ခဲ့ပြီး နယ်ဒေသများတွင် ၁၅ဝ ဗူးနှင့် ရန်ကုန်မြို့တွင် ဗူး ၁ဝဝ ရောင်းရနိုင်ခဲ့သည်ဟု FDA မှ တာဝန်ရှိသူတဦးက ပြောသည်ဟု The Voice ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။
လက်ဖက်တွင် တားမြစ် အဝါရောင်ဆိုးဆေး ပါဝင်မှု စမ်းသပ်သည့် ကိရိယာ တဗူးတွင် အမှတ်အသားပါ ခွက်နှစ်ခု၊ ဆေးအရည် တပုလင်း၊ သိုးမွှေးစ ပတ်ထားသည့် ပလတ်စတစ် ၁ဝ ချောင်း၊ ပလတ်စတစ်ဇွန်း ၂ ဇွန်းနှင့် စစ်ဆေးနည်းလမ်းညွှန် စာရွက်တရွက်တို့ ပါရှိသည်ဟု ရေးသားထားသည်။
လက်ဖက်တွင် စားသုံးရန် တားမြစ်အဝါရောင် ဆိုးဆေး ပါဝင်နေကြောင်း လက်ဖက် အမျိုးအစား ၁ဝဝ ကျော်နှင့် ငါးပိတွင် တားမြစ် အနီရောင် ဆိုးဆေး Rhodamine B အသုံးပြုထားသည်ဟု ဆိုကာ ငါးပိအမျိုးအစား ၈ဝ ခန့်အား ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။
အနီရောင် ဆိုးဆေးတွင် ချည်၊ ပိုးထည်၊ စက္ကူ၊ သားရေများတွင် အရောင်တင်ရာတွင် ထည့်သွင်း သုံးစွဲခြင်း၊ ရောဂါရှာဖွေရာတွင် သုံးသော ဓါတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်သည်။
ယင်းဆိုးဆေးမှာ ငါပိကုန်သည်များက ငပိအရောင်လှရေးအတွက် ထည့်ခြင်းဖြစ်ပြီး အစာအိမ် အူလမ်းကြောင်း၊ ယောင်ယမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတို့ လတ်တလော ဖြစ်ပေါ်စေကာ ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည်။