ချင်းမိုင် (မဇ္စျိမ)။ ။ စစ်အစိုးရတပ်များ၏ ထိုးစစ်ပြင်ဆင်နေမှုကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာသည့် ကရင်စစ်ပြေးဒုက္ခသည် ၃ဝဝဝ ကျော်သည် စားရေး၊ နေရေး၊ ကျန်းမာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့က ယနေ့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်နက်ကိုင်တပ် KNLA ထိန်းချုပ်ရာ တပ်မဟာ (၇) ဘားအံခရိုင် တာ့ကရဲမြို့နယ် အတွင်းရှိ ထူးထာ၊ မဲ့ဖလူး၊ ဥသုထ၊ မဲ့တလစ်၊ နို့ဘိုး၊ မဲ့ဥဆူး၊ ထီးပဲ၊ စသည့် ကျေးရွာများကို နအဖ နှင့် ဒီကေဘီအေ ပူးတွဲတပ်က စစ်ဆင်နေသဖြင့် ဒေသခံများသည် ပေါ်တာဆွဲခံရခြင်းနှင့် မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းတို့မှ ရှောင်ရှားနိုင်ရန် ထိုင်းနိုင်ငံ တာခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်အတွင်းသို့ ထွက်ပြေးခိုလှုံကြရာ အခက်အခဲများ ကြံုနေရခြင်း ဖြစ်သည်။
“နေထိုင်ရတာက ထိုင်းဘက်မှာ ရောက်လာတယ်ဆိုတော့ကာ သူများအိမ်အောက်မှာတို့။ တချို့ကျတော့လည်း တောထဲမှာ နေရတဲ့လူလည်း ရှိတယ်လေ။ အမိုးအကာမရှိbဲနဲ့ သူတို့နေနေရတယ်ပေါ့။ မိုးကာတလက်နဲ့ မိသားစု တစုလုံး လုံအောင်ခြံုပြီး နေရတာရှိတာပေါ့။ စားတာသောက်တာ TBBC (ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်များကို အကူအညီပေးနေသည့် အဖွဲ့ဖြစ်သော Thailand Burma Border Consortium) ကနေ အကူအညီပေးတယ်ပေါ့။ ဒါပေမယ့် မလုံလောက်ဘူးပေါ့။ ထွက်ပြေး လာတာက နေရာတွေက အများကြီးရှိတယ်လေ” ဟု ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ တာဝန်ရှိသူ အဲလ်ဘတ်က မဇ္စျိမကို ပြောသည်။
စစ်ပြေးဒုက္ခသည်များထဲ၌ ကလေးနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြပြီး KHRG မှ ယမန်နေ့ အစီရင်ခံစာအတွင်း၌ လူဦးရေ ၃ဝဝဝ ကျော်ဟုသာ ဖော်ပြထားသော်လည်း ၎င်းတို့ မရောက်ရှိသည့် နေရာများ ကျန်သောကြောင့် ယခုထက် လူဦးရေ ပိုများမည်ဟု သိရသည်။
ထိုင်းနယ်စပ် လုံခြံုရေးအတွက် တာဝန်ယူပေးနေသော ထိုင်းအနောက်နှင့် အနောက်မြောက်ပိုင်းဒေသခံ တပ်မဟာ (၃) တပ်မှူး ဒု-ဗိုလ်ချုပ်ကြီး ထနွန်ဆက် အပီယာကျိုထင်း Tanongsak Apirakyothin ကရင်စစ်ပြေး ၃ဝဝဝ ခန့် ထာ့ဆောင်ယန်းမြို့နယ် အတွင်းသို့ ရောက်ရှိနေပြီး ထိုင်းအစိုးရက အကူအညီများပေးနေကြောင်း ထိုင်းသတင်းဌာနများသို့ အတည်ပြုပြောသည်။
KHRG ကမူ ဆေးဝါးကုသမှုများနှင့်ပတ်သက်၍ အသေးစိတ်မသိခဲ့ရကြောင်း၊ သို့သော် များသောအားဖြင့် အမိုးအကာ မလောက်ငဘဲ မိုးရေထဲပြေးနေရသဖြင့် အအေးမိ၍ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းများ ဖြစ်နေကြပြီး ငှက်ဖျားတက်နေသူများလည်း ရှိကြောင်း KHRG မှ အဲလ်ဘတ်က ပြောသည်။
နအဖ ၏ တပ်မ ၂၂ လက်အောက်ခံ ခမရ ၃၃၈၊ ၃၃၉၊ ၂ဝ၁၊ ၂ဝ၂၊ ၂ဝ၃၊ ၂ဝ၅ တို့ပါဝင်ပြီး ဒီကေဘီအေ ဘက်မှ တပ်မဟာ ၉၉၉၊ ၃၃၃၊ ၅၅၅ ပါဝင်ပြီး ပူးတွဲစစ်ဆင်ရေး ပြုလုပ်နေခြင်းဖြစ်ကြောင်းနှင့် ယနေ့ တိုက်ပွဲသတင်းမကြားရသေးသော်လည်း ယမန်နေ့ကမူ နအဖဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိခဲ့ကြောင်း KNU က ပြောသည်။
ထို့အပြင် စစ်ပြေးဒုက္ခသည်များအတွက် အကူအညီများ ပိုလိုအပ်နေကြောင်းလည်း ပြောသည်။
“ဟား ဒုက္ခရောက်တယ်။ နေရာကလည်း ၆ နေရာလောက်ရှိတယ်။ တချို့နေရာတွေမှာ ထိုင်းဆေးအဖွဲ့တွေက ကြည့်တော့ ကြည့်တယ်။ ဒါပေမယ့် ကရင်ဘက်မှာရှိတဲ့ ရောဂါတွေအနေအထားနဲ့က မတူတာတွေ ရှိနေတယ်။ ထိထိရောက်ရောက် ကြည့်ရှုတဲ့လူ မရှိဘူး။ နောက် ကျကျနန နေရာချထားမှုက မရှိဘူး။ ဒီလိုမျိုး မိုးထဲ ရေထဲမှာ ဖြစ်သလို ပစ်ထားတာနဲ့စာရင် ပိုကောင်း အောင် ထားသင့်တယ်လို့ မြင်တယ်” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္စျိမကို ပြောသည်။
ပုံမှန်အားဖြင့် နွေဦးရာသီ၌သာ စစ်ဆင်လေ့ရှိသော်လည်း မိုးရာသီအတွင်း ယခုကဲ့သို့ စစ်ဆင်ခြင်းသည် အထူးရည်ရွယ်ချက် ရှိသည့် အနေအထားမျိုး၌သာ ဖြစ်တတ်ကြောင်း သူက ပြောသည်။
နယ်ခြားစောင့်တပ်များ ပြောင်းလဲဖွဲ့စည်းရန် DKBA အနေဖြင့် တပ်အင်အားတိုးချဲ့ရန်နှင့် နယ်မြေတိုးချဲ့ရန် ရည်ရွယ်ချက် ရှိနေကြောင်းနှင့် ထို့အပြင် နအဖ က DKBA နှင့် ကရင်ထူထုအကြား ညီညွတ်ရေး ပျက်ပြားစေရန် ရည်ရွယ်သဖြင့် ယခုကဲ့သို့ ထိုးစစ်များ ပြုလုပ်လာခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောလှငွေက သုံးသပ်သည်။
ထို့အပြင် “နယ်စပ်ဒေသမှာ ခါတိုင်းဆိုရင် ထိုင်း-မြန်မာ နှစ်ဖက် ကုန်သွယ်ရေးအကျိုးစီးပွားကြောင့်သေနတ်မပေါက်အောင် ကြိုးစားကြတာပေါ့လေ။ အခုကျတော့ ထိုင်းကလည်း သူတို့အပေါ် ဝေဖန်မှုက နည်းနည်း အဆင့်တက်လာတဲ့ အခါကျတော့ အဲဒီပေါ်မှာလည်း သူတို့ ပြန်ပြီးပြတဲ့သဘော ရှိမှာပေါ့။ မင်း ငါ့ကို ဒီလိုမျိုးဆက်ဆံမယ်ဆိုရင်တော့ မင်းဒေသအတွင်းမှာလည်း မတည်ငြိမ်မှုတွေ ဟောဒီလိုဖြစ်လာမယ်ဆိုပြီးတော့ သဘောလည်း ပါနိုင်တယ်” ဟု သူက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် မြန်မာအစိုးရ အဆက်ဆက်ကို လက်နက်ကိုင် တော်လှန်နေသည်မှာ ရာစုနှစ်တဝက်ခန့် ရှိပြီဖြစ်သည်။ တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခစခန်း ၉ ခုတွင် လူပေါင်း ၁ သိန်းကျော် နေထိုင်လျက်ရှိပြီး အများစုမှာ ကရင်လူမျိုးများ ဖြစ်ကြသည်။