ရန်ကုန် (မဇ္စျိမ)။ ။ မြန်မာပြည်တွင် လုပ်ကိုင်နေသော ကနေဒါနိုင်ငံမှ အိုင်ဗင်ဟို ကုမ္ပဏီ၏ အစုရှယ်ယာများကို တရုတ်ကုမ္ပဏီတခုက ဝယ်ယူရန် လုပ်ထုံးလုပ်နည်းအရ သဘောတူညီမှု အဆင့် ရောက်နေကြောင်း မြန်မာ သတ္ထုတွင်းဆိုင်ရာ ကျွမ်းကျင်သူတဦး၏ အဆိုအရ သိရသည်။
စစ်ကိုင်းတိုင်းအတွင်း မုံရွာမြို့ တဖက်ကမ်းတွင် တည်ရှိသည့် ကြေးနီသတ္တုတွင်း၌ ပူးပေါင်းလုပ်ကိုင်နေသော အစုရှယ်ယာ ထက်ဝက်သည် အပြည်ပြည်ဆိုင်ရာ၏ ဝေဖန်မှုကို ခံနေရသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခု ဖြစ်ကြောင်းနှင့် ထိုအစုရှယ်ယာအား တရုတ်ကုမ္ပဏီတခုသို့ ရောင်းချရန်ရှိသည်ဟု သူက ပြောဆိုခြင်း ဖြစ်သည်။
“စစ်တပ်က လုပ်နေတဲ့ သတ္ထုတွင်းလုပ်ငန်း (၁) နဲ့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေတဲ့ မြန်မာ-အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက် - MICCL က အစုရှယ်ယာတဝက်ကို တရုတ်ကုမ္ပဏီကို ရောင်းချဖို့ ရှိတာပါ။ သတ်သတ်မှတ်မှတ်တော့ မဟုတ်သေးပါဘူး“ ဟု ထိုကျွမ်းကျင်သူက ပြောသည်။
အရှေ့တောင်အာရှတွင် အကြီးဆုံး ကြေးနီမိုင်းဖြစ်သော ထိုစီမံကိန်းသည် တနှစ်လျှင် ကြေးနီချောင်း တန် ၄ သောင်းခန့် ထုတ်လုပ်နိုင်သည်။
တချိန်တည်းမှာပင် တိုရန်တို၊ နယူးယောက်နှင့် NASDAQ (အမေရိကားမှ အကြီးဆုံး အီလက်ထရောနစ် ကုန်သွယ်မှု ငွေကြေးစျေးကွက်) တို့၏ ငွေကြေးစျေးကွက်များ၏ IVN သင်္ကေတ အောက်တွင် ကနေဒါနိုင်ငံ အိုင်ဗင်ဟိုကုမ္ပဏီသည် ပါဝင်နေသည်။
မြန်မာစစ်အစိုးရက အတည်ပြုပေးပြီး လိုအပ်သော လျှပ်စစ်အား ပံ့ပိုးမှုများလည်း ရရှိမည်ဆိုပါက ၎င်း၏ ထုတ်လုပ်မှုကို တနှစ်လျှင် တန်် ၂ သိန်းအထိ တိုးမြှင့်ရန် စီစဉ်လျက်ရှိသည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ဘုန်းတော်ကြီးများ ဦးဆောင်သည့် အုံကြွမှုအား စစ်အစိုးရက သွေးထွက်သံယို နှိမ်နှင်းခဲ့သည်ကို တုံ့ပြန်သောအားဖြင့် အို်င်ဗင်ဟိုသတ္ထုတွင်း ကုမ္ပဏီက ကြေညာချက်တခု ထုတ်ပြန်ခဲ့သေးသည်။
ထုတ်ပြန်ချက်တွင် စစ်တပ်အုပ်ချုပ်သော အစိုးရ၏ အုံကြွမှုအပေါ် တုံ့ပြန်မှုသည် ဖွဲ့စည်းပုံအား ပြောင်းလဲပစ်ရန် ကိစ္စကို ဆိုးဝါးသွားစေသည်ဟု ဆိုထားသည်။
၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ကြေညာချက်တွင်လည်း အိုင်ဗင်ဟို သတ္ထုတွင်းလုပ်ငန်းက ၎င်း၏ မြန်မာပြည်မှ ပစ္စည်းများ၏ ပိုင်ဆိုင်မှုကို လွတ်လပ်သော၊ ယုံကြည်ရသည့် တတိယအုပ်စုထံ လွှဲပြောင်းပေးခဲ့သည်ဟု ပါရှိသည်။
ထိုစီမံကိန်းတွင် လုပ်ငန်းနေရာ ၃ ခုရှိပြီး ၎င်းတို့မှ ပူးပေါင်းလုပ်ကိုင်နေသော နေရာ ၂ နေရာမှာ စပယ်တောင်နှင့် ကြေးစင်တောင်တို့ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်အတွင်းက မုံရွာသတ္ထုတွင်းလုပ်ငန်းကို အကြောင်းအရင်း ဖော်ပြခြင်း မရှိဘဲ ရပ်ပစ်ခဲ့ကာ၊ မုံရွာ ကြေးနီစီမံကိန်းတွင် နိုင်ငံခြားသား အနည်းငယ် အပါအဝင် အလုပ်သမားပေါင်း ၁၀၀၀ ကျော် ရှိသည်။
အိုင်ဗင်ဟို ကုမ္ပဏီသည် တရုတ်၊ မွန်ဂိုလီးယားနှင့် သြစတြေးလျား နိုင်ငံများတွင်လည်း ကြေးနီ၊ ယူရေနီယမ်နှင့် ရွှေတို့ကို ရှာဖွေနေသော ကုမ္ပဏီတခု ဖြစ်သည်။