သစ္စာဂျာနယ်တိုက် ရှာဖွေ စစ်ဆေးခံရ

သစ္စာဂျာနယ်တိုက် ရှာဖွေ စစ်ဆေးခံရ
by -
ဖနိဒါ
ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ရှိသစ္စာဂျာနယ်တိုက်သို့ မေလ ၂၅ ရက်နေ့ ညပိုင်းတွင် ရပ်ကွက်ကောင်စီ၊ ရဲနှင့်ထောက်လှမ်းရေး ပါဝင်သည့် ၁၀ ဦးခန့်က လာရောက်ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ရှိသစ္စာဂျာနယ်တိုက်သို့ မေလ ၂၅ ရက်နေ့ ညပိုင်းတွင် ရပ်ကွက်ကောင်စီ၊ ရဲနှင့်ထောက်လှမ်းရေး ပါဝင်သည့် ၁၀ ဦးခန့်က လာရောက်ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန်ထောင်တွင်း တရားရုံးထုတ်သည့် မေလ ၂၅ ရက်နေ့က ထောင်ရှေ့တွင်စောင့်ဆိုင်းနေသူများအား သစ္စာတိုက်မှ ဂျာနယ်ထုတ်လုပ်ရေး မန်နေဂျာကဂျာနယ်များ ရောင်းချခဲ့ပြီး၊ ထိုနေ့ ည ၁၁ နာရီခန့်တွင် ယခုလိုရှာဖွေခံရခြင်း ဖြစ်သည်။

“အင်းစိန်ထောင်ရှေ့ ဒေါ်စုအမှုလာနားထောင်နေတဲ့ သူတွေကို ဂျာနယ်သွားရောင်းတယ်တဲ့။ ညကျ ရဲတွေ၊ထောက်လှမ်းရေးတွေ ဂျာနယ်တိုက်ကို ရောက်လာပြီး ရှာတယ်” ဟုသစ္စာဂျာနယ်တိုက်နှင့် နီးစပ်သူ ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

သစ္စာဂျာနယ်တိုက်အားဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ရှာဖွေစစ်ဆေးခံရသည်မှာ ဟုတ်မှန်ကြောင်းပြောဆိုသော်လည်း အသေးစိတ် ဖြေကြားရန် သူက ငြင်းဆိုသည်။

ထိုနေ့ညက ဂျာနယ်တိုက် ညအိပ်စောင့်သူ အဖမ်းခံခဲ့ရပြီး နောက်တရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

ရောင်းချခဲ့သည့်သစ္စာဂျာနယ် မျက်နှာဖုံးတွင် လူထုစိန်ဝင်း ဆောင်းပါးတပုဒ် ပါရှိရာနောက်တရက်တွင် တာဝန်ရှိသူအား စာပေစိစစ်ရေးရုံးမှ ခေါ်ယူကာ သတိပေးတားမြစ်မှုရှိခဲ့ကြောင်းလည်း သိရသည်။

နီးစပ်သူ ဂျာနယ်အယ်ဒီတာက''ပထမခွင့်ပြုထားတဲ့ မျက်နှာဖုံးနဲ့ မတူဘဲ၊ ပြင်ပြီးထုတ်လို့။ စာရေးဆရာမောင်ဝံသ ဆောင်းပါး တင်ထားတာကို လူထုစိန်ဝင်းဆောင်းပါး တင်လိုက်လို့။အဲဒီအတွက် သတိပေးခံရတာ။ နောင် မဖြစ်စေရဆိုပြီး လက်မှတ်ထိုးရတာ'' ဟုပြောသည်။

လက်မှတ် ရေးထိုးခိုင်းသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍သစ္စာဂျာနယ် တာဝန်ရှိသူကို မေးမြန်းရာ သူက ဖြေဆိုနိုင်ခြင်း မရှိသေးကြောင်းပြောသည်။

“အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လောလောဆယ်ဖြေဆိုနိုင်ခြင်း မရှိသေးပါဘူး။ အဖမ်းခံရတဲ့ လူကလည်း ကျနော်တို့နဲ့အတူရှိနေပါတယ်” ဟု သူက ပြောသည်။

သစ္စာဂျာနယ်သည် ဆောင်းပါးများအား အဓိကထား ဖော်ပြနေရာ စာဖတ်ပရိသတ်များ လက်ခံအားပေးသည့် တန်းဝင်ဂျာနယ်တစောင် ဖြစ်သည်။