ဖျော်ဖြေရေးဂျာနယ် PHOENIX ထုတ်ဝေခွင့်နားခံရ

ဖျော်ဖြေရေးဂျာနယ် PHOENIX ထုတ်ဝေခွင့်နားခံရ
by -
မေကျော်
ဖျော်ဖြေရေး ဂျာနယ် အဖြစ် ထုတ်ဝေခွင့် ရထားသော PHOENIX ဂျာနယ်မှာ ဆင်ဆာဖြတ်ခံထားရသော သတင်းအချို့ကို ရေးသား ဖော်ပြခြင်းကြောင့်ဟု ဆိုကာ စာပေစိစစ်ရေးက ယခုတပတ် ထုတ်ဝေခွင့်ကို ပိတ်လိုက် ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ဖျော်ဖြေရေး ဂျာနယ် အဖြစ် ထုတ်ဝေခွင့် ရထားသော PHOENIX ဂျာနယ်မှာ ဆင်ဆာဖြတ်ခံထားရသော သတင်းအချို့ကို ရေးသား ဖော်ပြခြင်းကြောင့်ဟု ဆိုကာ စာပေစိစစ်ရေးက ယခုတပတ် ထုတ်ဝေခွင့်ကို ပိတ်လိုက်သည်။

အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်ဝေသော ယင်းဂျာနယ်၏ ယခုတပတ် ထုတ်ဝေရောင်းချခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ စာပေစိစစ်ရေးက ပိတ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဖျော်ဖြေရေး သတင်း များကိုသာ ရေးသားဖော်ပြရန်လည်း စာပေစိစစ်ရေးက ထပ်မံ သတိပေးလိုက်သည်။

“ဆင်ဆာ ထိတယ်ဆိုရင်လည်း ပြင်ချိန်မရဘူးဗျ။ ဗုဒ္ဓဟူးနေ့ ရောက်မှ စာပေစိစစ်ရေးက ဆင်ဆာကို ချပေးတယ်။ သူတို့က ဗုဒ္ဓဟူးနေ့ဆိုရင် ထုတ်နေပြီ ” ဟုစာပေစိစစ်ရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တဦးကဆိုသည်။

ကြာသပတေးနေ့တွင် ထုတ်ဝေရောင်းချမည့် ဂျာနယ်ကို ဗုဒ္ဓဟူးနေ့ရောက်မှသာ စာပေစိစစ်ရေးက စာမူကြမ်း ထုတ်ပေးခြင်းသည် ဆင်ဆာထိစာမူများကို ပြင်ဆင်ရန် အချိန်မလုံလောက် ဟုဂျာနယ် အသိုင်းအဝိုင်းကဆိုသည်။

မေလ ၂၇ရက်နေ့ထုတ် ယင်းဂျာနယ်တွင် Yangon Media Groupတွင် ကြော်ငြာခဲ့သည့် LUCKY ELEVEN ကြော်ငြာကို ELEVEN MEDIA Groupက ကန့်ကွက်ခဲ့မှုနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ မေးမြန်း၍ သတင်းဖော်ပြခဲ့သည်။

ယခုကဲ့သို့ ထုတ်ဝေခွင့် တပတ်နားလိုက်ရသဖြင့် စီးပွားရေးအရ ထိခိုက်မှု မများလှသော်လည်း ဂျာနယ်သစ် တစောင် အနေဖြင့် စျေးကွက်ထိုးဖောက်မှု အရှိန်ကိုမူ ပျက်စေကြောင်း ပြည်တွင်း ဂျာနယ် စျေးကွက်က သုံးသပ်သည်။

Most read this week