သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးများ ကျန်းမာရေးဝန်ကြီးဌာန ကြေညာ

သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးများ ကျန်းမာရေးဝန်ကြီးဌာန ကြေညာ
by -
ဖနိဒါ
မြန်မာပြည်တွင်းရှိ မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေး အချို့ကို အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ယနေ့ထုတ် သတင်းစာတွင် ထုတ်ပြန်ကြေညာလိုက်သည်။ တိုင်းရင်းဆေး  ၁၆ မျိုးကို အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာပြည်တွင်းရှိ မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေး အချို့ကို အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ယနေ့ထုတ် သတင်းစာတွင် ထုတ်ပြန်ကြေညာလိုက်သည်။   

တိုင်းရင်းဆေး  ၁၆ မျိုးကို အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်ရာ ယခင်ကြေညာထားသော လက်ဖက်၊ ကလေးဆေးနှင့် ငါးပိအချို့၏ နောက်ဆက်တွဲ စာရင်းဝင်သွားသည်။

တားမြစ်လိုက်သော ဆေးဝါးများသည် မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများဖြစ်၍ စစ်မှန် အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သည့် ဆေးဝါးများ ဖြစ်ကြောင်းနှင့် အများပြည်သူ သုံးစွဲရန် မသင့်တော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ဂျိုးဖြူတံဆိတ် ကချင်သွေးဆေး၊ စိန်သော့၊ တူတံစဉ်၊ ကျော်အမှတ်တံဆိတ် စသည့် ပန်းနာရင်ကျပ်ပျောက်ဆေး၊ အမျိုးသမီး မီးယပ်သွေးဆေး၊ အကိုက်အခဲပျောက် ဆေးမှုန့်များ၊ ဒူးလေး အစာအိမ် လေနိုင်ဆေး၊ သမားတော် အစာကြေ လေပုပ်ထုတ်ဆေး၊ သွေးတိုးကျဆေးတို့ ပါဝင်သည်။ အများအားဖြင့် ကချင်ပြည်နယ်နှင့် ရန်ကုန်မြို့တွင် ထုတ်လုပ် ဖြန့်ချိသော ဆေးဝါးများ ဖြစ်သည်။

ယခု မေလ ၄ ရက်နေ့ကလည်း ခဲဓာတ်နှင့် အာဆင်းနစ်ဓာတ် အဆများစွာ လွန်ကဲအသုံးပြုထားသော ဒေါ်တွေး ဂေါမုတ္တဆေးနှင့် ဒေါ်ကျင် ကလေးသူငယ်နာ ဝမ်းပုပ်ချဆေးတို့ကို ကျန်းမာရေး ဝန်ကြီးဌာနက ပိတ်လိုက်သည်။

ပြီးခဲ့သည့်လအတွင်းက လက်ဖက်စားကုန် အမျိုး ၁ဝဝ ကျော်ကို အဝါရောင်ဆိုးဆေး Auramine O ပါသည်ဟုဆိုကာ ရောင်းချခွင့် ပိတ်ခဲ့သည်။

၎င်းသည် ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူနှင့် သားရေများ အရောင်ဆိုးရာတွင် အသုံးပြုသည့် ဆိုးဆေး ဖြစ်သည့်အတွက် ကြာရှည်စားသုံးသူများကို အသည်းနှင့် ကျောက်ကပ်ရောဂါများ၊ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေသည့်အပြင် ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

ထို့အပြင် ကင်ဆာဖြစ်စေသော အနီရောင် ဆိုးဆေး Rhodamine B အသုံးပြုထားသည်ဟုဆိုကာ ငါးပိ အမျိုးအစားပေါင်း ဂဝ ခန့်ကိုလည်း တားမြစ်ထားသည်။   

အနီရောင်ဆိုးဆေးမှာ ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်တင်ရာတွင် ထည့်သွင်းသုံးစွဲပြီး၊ ရောဂါရှာဖွေရာတွင် သုံးသော ဓာတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်သည်။