နိုင်ငံရေး အကျဉ်းသားများ အဆိုးဆုံး အခြေအနေ ကြံုနေရဟု AAPP ပြော

နိုင်ငံရေး အကျဉ်းသားများ အဆိုးဆုံး အခြေအနေ ကြံုနေရဟု AAPP ပြော
by -
နန်းဒေဝီ
နှစ် ၂ဝ ကျော်အတွင်း လက်ရှိ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေမှာ အဆိုးဆုံး အခြေအနေဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ယနေ့ ပြောဆို ...

နယူးဒေလီ (မဇ္စျိမ)။     ။ နှစ် ၂ဝ ကျော်အတွင်း လက်ရှိ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေမှာ အဆိုးဆုံး အခြေအနေဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ယနေ့ ပြောဆိုလိုက်သည်။    

၂ဝဝ၆ ခုနှစ်နောက်ပိုင်းမှ စတင်၍ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို အကျဉ်းထောင်များအတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် အကူအညီ ပေးနေသည့်အပေါ် မြန်မာစစ်အစိုးရက ကန့်သတ်လိုက်ပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေမှာ လွန်ခဲ့သည့် နှစ် ၂ဝ ကျော်အတွင်း အဆိုးရွားဆုံး ဖြစ်နေရပုံကို ထိုင်းနိုင်ငံအခြေစိုက် AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောဆိုခြင်း ဖြစ်သည်။

“ICRC (နိုင်ငံတကာ ကြက်ခြေနီအဖွဲ့) လို အဖွဲ့ကိုယ်တိုင် ထောင်တွေ မသွားနိုင်တော့တဲ့ နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို လက်လွတ်စပယ် ထားတယ်။ ထောင်တွေမှာ စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်လာတာတွေ ရှိတယ်။ နှစ် ၂ဝ ကျော်အတွင်းမှာ ဒီအခြေအနေဟာ အဆိုးရွားဆုံးလို့ ပြောလို့ ရပါတယ်” ဟု AAPP ရုံးအဖွဲ့ဝင် ကိုအောင်ကျော်ဦးက မဇ္စျိမကို ပြောသည်။    

သူက ဆက်ပြီး “အဓိက ကျနော်တို့ ဖြစ်စေချင်တာကတော့ ICRC ကိုပဲ ထောင်အတွင်းတွေကို အရင်ကလို လွတ်လပ်စွာ ဝင်ခွင့်ပြုဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။     

ယမန်နေ့က AAPP က ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၂ဝ ကျော် ပါရှိသော ‘Silent Killing Field’ အမည်ရှိ အစီရင်ခံစာတွင် အကျဉ်းသား ၁၂၇ ဦးသည် နာမကျန်းဖြစ်နေပြီး၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး၊ လူရွှင်တော် ကိုဇာဂနာ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၉ ဦးသည် အရေးတကြီး ဆေးဝါးကုသခံယူရန် လိုအပ်နေကြောင်း ရေးသားဖော်ပြထားသည်။    

၁၉၈၆ ခုနှစ်မှ စတင်ကာ ICRC အဖွဲ့သည် မြန်မာနိုင်ငံ၊ အကျဉ်းထောင်များရှိ အကျဉ်းသားများကို လူသားချင်း စာနာထောက်ထားသည့် အကူအညီများဖြစ်သည့် အစားအသောက်များနှင့် ဆေးဝါးများကို ပံ့ပိုးပေးခဲ့သည်။    

အကျဉ်းထောင်များအတွင်း ICRC အဖွဲ့ဝင်များ လွတ်လပ်စွာ ဝင်ရောက်ခဲ့စဉ်အခါက တိုးတက်လာခဲ့သည့် အခြေအနေကို ၂ဝဝ၄ ခုနှစ်တွင် သာယာဝတီထောင်မှ လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုပိုနီက ပြောသည်။   

သူက “အရင်က ထမင်းကို ပုံစံနဲ့ ကျွေးရာကနေ အဝကျွေးလာတယ်။ မိသားစုတွေနဲ့ ထောင်ဝင်စာ တွေ့တဲ့အချိန်ကို တိုးပေးခဲ့တဲ့အပြင် အရင် တရုတ်ထုတ် ဆေးတွေအစား ဂျာမဏီက ဆေးတွေ အစားထိုးပေးခဲ့တယ်” ဟု ပြောသည်။    

သို့သော် ၂ဝဝ၆ ခုနှစ် နောက်ပိုင်းတွင် စစ်အစိုးရဘက်မှ ICRC အဖွဲ့ဝင်များကို အနီးကပ် စောင့်ကြည့်ခြင်း၊ သွားလာလှုပ်ရှားမှုများ ကန့်သတ်ခြင်းအပြင် ICRC ရုံးများ ဖွင့်လှစ်ထားရာ မန္တလေး၊ မော်လမြိုင်၊ ဘားအံ၊ ကျိုင်းတုံနှင့် တောင်ကြီးမြို့ရှိ ရုံးများကို ၂ဝဝ၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပိတ်ပစ်စေခဲ့သည်။    

AAPP အစီရင်ခံစာတွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို ဝေးလံသည့် ဒေသများတွင် ထောင်ပြောင်းရွှေ့ခြင်း၊ အကျဉ်းထောင်များတွင် လုံလောက်သည့် ဆေးဝါးမရှိခြင်း၊ ကျန်းမာရေးအတွက် စနစ်တကျ ဆေးဝါးကုသခွင့် မပေးခြင်းသည် စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေခြင်းဖြစ်ပြီး၊ စစ်အစိုးရတွင် လုံးဝ တာဝန်အပြည့်အဝ ရှိကြောင်း ကိုအောင်ကျော်ဦးက ပြောသည်။   

သူက “လူတယောက်ကို အာဏာပိုင်က ဖမ်းဆီးထောင်ချတယ်ဆိုရင် သူ့ရဲ့ အစားအသောက်၊ ကျန်းမာရေး၊ ဆေးကုသမှု၊ တကိုယ်ရည် သန့်ရှင်းမှုတွေကို အစိုးရက တာဝန်ယူ စောင့်ရှောက်မှု ပေးရမယ်။ အစိုးရမှာ တာဝန်အရှိဆုံး ဖြစ်တယ်” ဟု ပြောသည်။    

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည့် ထိုအစီရင်ခံစာကို ကုလသမဂ္ဂ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့များ၊ အစိုးရမဟုတ်သည့် NGO အဖွဲ့များနှင့် နိုင်ငံတကာ စာနယ်ဇင်းအဖွဲ့များသို့ ပေးပို့ထားသည်။    

AAPP စာရင်းအရ လက်ရှိတွင် မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျနေသည့် နို်င်ငံရေးအကျဉ်းသားများပေါင်း ၂၁၅၆ ဦး ရှိကြောင်း သိရသည်။    

ထို့အပြင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ အကျဉ်းထောင်မှ မလွှတ်ခင်စပ်ကြား အစားအသောက် ကောင်းမွန်စွာ ကျွေးရန်၊ ဆေးကုသခွင့် ပေးရန်၊ သက်တောင့်သက်သာ နေထိုင်ခွင့်ပေးရန် AAPP က တောင်းဆိုလိုက်သည်။