ဆိုင်ကလုံးဒဏ်ခံ လယ်သမားများ ပိုးမွှားအန္တရာယ်နှင့် ကြံုနေရ

ဆိုင်ကလုံးဒဏ်ခံ လယ်သမားများ ပိုးမွှားအန္တရာယ်နှင့် ကြံုနေရ
by -
ဆလိုင်းပီပီ
မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ လယ်သမားများသည် နာဂစ်မုန်တိုင်း ဖျက်ဆီးခံခဲ့ရအပြီး တနှစ်အကြာတွင် နောက်ထပ်ဘေးဒုက္ခ အန္တရာယ်တရပ်ဖြစ်သော ပိုးမွှားဖျက်ဆီးမှုနှင့် ကြံုနေရပြန် ...

နယူးဒေလီ (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ လယ်သမားများသည် နာဂစ်မုန်တိုင်း ဖျက်ဆီးခံခဲ့ရအပြီး တနှစ်အကြာတွင် နောက်ထပ်ဘေးဒုက္ခ အန္တရာယ်တရပ်ဖြစ်သော ပိုးမွှားဖျက်ဆီးမှုနှင့် ကြံုနေရပြန်သည်။

ဘိုကလေးမြို့နယ် ပေါင်းတည်ကျေးရွာရှိ လယ်သမားများသည် ယင်းတို့၏ လယ်ကွင်းများတွင် ကျရောက်နေသော ပိုးမွှားများကြောင့် စပါးအထွက် လျော့သွားသဖြင့် လယ်သမားများအဖို့ နေ့စဉ် စားဝတ်နေရေးကို ထိခိုက်ကာ အခြေအနေဆိုးနှင့် ကြံုနေရခြင်းဖြစ်သည်။   

“စပါးခင်း အတော်များများ ပိုးကျလို့ ပျက်ပြီ။ အခုဖြစ်တဲ့ ပြဿနာက နာဂစ်မဖြစ်ခင်က အခြေအနေထက် ပိုဆိုးတယ်” ဟု ပေါင်းတည်ရွာမှ လယ်သမားတဦးက မဇ္ဈိမကို ပြောသည်။   

နာဂစ်မုန်တိုင်းသည် ဧရာဝတီနှင့် ရန်ကုန်တိုင်းကို ပြီးခဲ့သည့်နှစ် မေလ ၂ ရက်နေ့က တိုက်ခတ် ဖျက်ဆီးခဲ့သည်။ မုန်တိုင်းကြောင့် အနည်းဆုံး လူပေါင်း ၁၄ဝဝဝဝ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး၊ လူပေါင်း ၂ ဒဿမ ၄ သန်း မုန်တိုင်းဒဏ် ခံခဲ့ရသည်။   

ကမ္ဘာ့ကုလသမဂ္ဂ အေဂျင်စီများ အပါအဝင် အကူအညီပေးရေး အဖွဲ့အစည်း အများအပြားက ဆိုင်ကလုံး ဒုက္ခသည်များကို ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအတွက် ကူညီပေးခဲ့ကြသော်လည်း ယခုလတ်တလော ကြံုနေရသည့် ပိုးကျသည့်ကိစ္စမှာ သူတို့အတွက် ပြဿနာ အသစ်တရပ်ဟု လယ်သမားများက ပြောသည်။   

“လာမယ့်မိုးတွင်းမှာ လယ်ဆက်လုပ်နိုင်ပါ့မလား ဆိုတာတောင် ကျနော်တော့ မသေချာတော့ဘူး” ဟု မကြာသေးခင်က ဘိုကလေးမြို့သို့ လာရောက်ခဲ့သည့် ဒီမိုးရင်ကျေးရွာမှ လယ်သမားတဦးက မဇ္ဈိမကို  ယမန်နေ့က ပြောသည်။   

ယခုနှစ် နွေစပါးရိတ်သိမ်းချိန်တွင် တဧကလျှင် စပါးတင်း ၄ဝ-၅ဝ ခန့်သာရကြောင်းနှင့် ယခင် ပုံမှန် အခြေအနေဆိုလျှင် တဧကလျှင် စပါး တင်း ၈ဝ-၁ဝဝ အထိရကြောင်း သူက ပြောသည်။   

ရန်ကုန်မြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မြန်မာနိုင်ငံဆိုင်ရာရုံး ညွှန်ကြားရေးမှူး ခရစ်စ်ကေး (Chris Kaye) ၏ အပြောအရ မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ်ခံ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က လယ်ယာထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် ယင်းတို့၏ ပုံမှန်စားဝတ်နေရေးဘဝ ပြန်လည်ထူထောင်ရာနှင့် စားနပ်ရိက္ခာ လုံခြံုမှုကိစ္စတို့တွင် အခက်အခဲများနှင့် ရင်ဆိုင်ကြရဦးမည်။   

“ကြွေးမြီ အမြောက်အမြား တင်ရှိနေခြင်း၊ လယ်ယာထုတ်လုပ်မှု အကန့်အသတ်ရှိခြင်း၊ အလုပ်အကိုင်ရရှိမှု နည်းပါးခြင်း၊ ဒါမှမဟုတ် ဝင်ငွေရရှိတဲ့ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် လာမယ့် မိုးရာသီမှာ အဲဒီ မိသားစုတွေအတွက် စားဖို့တောင် အနိုင်နိုင်ဖြစ်လိမ့်မယ်” ဟု ကေးက မဇ္ဈိမကို ပြောသည်။   

ပြီးခဲ့သည့်နှစ် စပါးအထွက်နှုန်း ကျဆင်းခဲ့ခြင်းကြောင့် သူ့အနေဖြင့် စပါးစိုက်ပျိုးထွန်ယက်ရန်ပင် ငွေကြေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဒီမိုးရင်ကျေးရွာမှ လယ်သမားက ပြောသည်။   

“နာဂစ်မုန်တိုင်း တိုက်ပြီးတော့ စပါးထွန်ယက်စိုက်ပျိုးဖို့ဆိုပြီး ကယ်ဆယ်ရေး အေဂျင်စီတွေက တဧကကို ကျပ် တသောင်း (အမေရိကန်ဒေါ်လာ ၁၀) နှုန်းလောက် ပေးတာရတယ်” ဟု အဆိုပါ လယ်သမားက ပြောသည်။   

သို့သော် ဤငွေပမာဏသည် ထွန်ယက် စိုက်ပျိုးရန်အတွက် စရိတ်စက မကာမိကြောင်းနှင့် မျိုးစေ့၊ ထွန်ယက်ရန် အလုပ်သမားငှားရမ်းခ၊ ထွန်စက်အတွက် ဆီဖိုး၊ အခြား စက်ကိရိယာများနှင့် မြေသြဇာအတွက် အနည်းဆုံး ကျပ် ၅၀၀၀၀ ခန့် လိုအပ်ကြောင်း သူက ဆိုသည်။   

ပြီးခဲ့သည့်နှစ် မုန်တိုင်းမတိုက်မီက သူ့လယ်ကို ထွန်ယက်ရန် ဒေသခံ ငွေတိုးချေးစားသူများထံမှ ငွေချေးယူခဲ့သည်မှာ အတိုးနှုန်းမှာ ၁၅ ရာနှုန်း ဖြစ်သည်။ ယခု ရသမျှပိုက်ဆံလေးနှင့် ငွေပြန်ဆပ်ခဲ့ရာ ဘာမှမကျန်သလောက် ဖြစ်သွားရာ ယခုနှစ် မိုးရာသီတွင် မည်သို့ ထွန်ယက်စိုက်ပျိုး လုပ်ကိုင်ရမည်ကို စဉ်းစား၍ပင် မရကြောင်း သူက ဆိုသည်။   

ဤသို့ ဒေသခံ ငွေတိုးချေးစားသူများထံမှ ငွေချေးယူခဲ့သည်မှာ အဆိုပါ လယ်သမားတဦးတည်း မဟုတ်ပါ။ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ ဘိုကလေးနှင့် လပွတ္တာနယ်များသို့ မကြာခဏ သွားရောက်လေ့ရှိသူ ရန်ကုန်အခြေစိုက် အကူအညီပေးရေး လုပ်သားတဦးကလည်း လယ်သမားအများစုမှာ အဆိုပါ ငွေချေးစားသူများထံမှ ကြွေးမြီအပေါ်တွင်သာ ရပ်တည် အားကိုးနေကြရကြောင်း ပြောသည်။   

“ဒါပေမဲ့ အတိုးနှုန်းက သိပ်များတာကြောင့် ဒီတခါတော့ သူတို့ အကြွေးယူရဲမှာ မဟုတ်တော့ဘူး” ဟု အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောသည်။

မုန်တိုင်းဒုက္ခသည်များအတွက် စိုက်ပျိုးရေးနှင့် စားဝတ်နေရေးအတွက် ကူညီထောက်ပံ့ပေးခြင်းသည် အရေးအပါဆုံး လုပ်ရပ်တခုဖြစ်ကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံး ဆက်သွယ်ရေးအရာရှိ အက်စထရစ်ဆီး (Astrid Sehl) က ပြောသည်။   

“လူတွေ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင် ကူညီထောက်ပံ့ပေးဖို့က အရေးကြီးတယ်။ ဒီကိစ္စမှာ လယ်ယာစိုက်ပျိုးရေးနဲ့ စားဝတ်နေရေးကို အထောက်အပံ့ ပေးဖို့က အဓိကပဲ” ဟု Sehl က မဇ္ဈိမကို ပြောသည်။

သို့သော် မြစ်ဝကျွန်းပေါ်ဒေသသို့ ၂ ပတ်ကြာ ခရီးသွားရောက်ခဲ့ပြီး မကြာသေးခင်ကမှ ပြန်ရောက်လာသူ ရန်ကုန်မြို့မှ သတင်းထောက်တဦးကမူ ဘိုကလေး၊ လပွတ္တာ အစရှိသည့် မြို့များနှင့်နီးသည့် ကျေးရွာ အနည်းငယ်က အကူအညီများ လက်ခံရရှိသော်လည်း ပင်လယ်နှင့် နီးသော အခြားကျေးရွာ အများအပြားမှာ အကူအညီ လုံလောက်စွာ မရသေးကြောင်း ပြောသည်။   

“လယ်သမား အများအပြား လယ်ထဲ ပြန်ဆင်းနိုင်ခဲ့ကြပေမယ့် အထွက်နှုန်း ကောင်းအောင်လုပ်ဖို့ အထောက်အပံ့ လုံလုံလောက်လောက် မရခဲ့ကြဘူး” ဟု အဆိုပါ သတင်းထောက်က ပြောသည်။   

မုန်တိုင်းဒုက္ခသည်များ လိုအပ်နေသည့် အကူအညီမှာ များပြား၍ အမျိုးမျိုး ကွဲပြားနေနိုင်သော်လည်း လယ်တွင် ကျရောက်နေသော ပိုးများ နှိမ်နင်း ဖယ်ရှားရေးအတွက် သူတို့လယ်သမားများ အထောက်အပံ့ရရန် လိုအပ်သည်။ ယင်းသည်သာလျှင် သူတို့အတွက် အခြေခံကျသော အထောက်အပံ့ ဖြစ်လိမ့်မည်။

လယ်များတွင် ပိုးကျရောက်မှု တိုးများလာရခြင်းမှာ လယ်ထဲတွင် ပင်လယ်ဆားငန်ရေးများ ဝင်ကုန်ခြင်းကြောင့်ဟု ယုံကြည်ရသည်။ သူ့အပြောအရ ပိုးများက စပါးပင်များကို ကိုက်ဖြတ်ပစ်လိုက်ပြီး၊ ကျိုးကျနေသော စပါးပင်များသာ လယ်ထဲတွင် ကျန်ခဲ့သည်ဟု ဆိုသည်။   

“ထွန်ယက်စိုက်ပျိုးဖို့အတွက် ရင်းနှီးထားရတာနဲ့တင် ဒုက္ခက များလှပြီ။ ဒါကြောင့် တော်တော်များများက ပိုးသတ်ဆေး မဝယ်နိုင်ကြတော့ဘူး” ဟု သတင်းထောက်က ပြောသည်။   

ဒုက္ခသည် အများအပြားအတွက် စားနပ်ရိက္ခာနှင့် အခြားပစ္စည်းများ လိုအပ်သော်လည်း၊ လယ်သမားများအတွက်မူ လယ်ထဲ ပြန်ဆင်းနိုင်ရေးအတွက် လုံလောက်သော အကူအညီများရရန်မှာ အရေးကြီးသည်ဟု ရန်ကုန်ရှိ အကူအညီပေးရေး လုပ်သားက ပြောသည်။   

“ဒီလိုမှမရရင် လယ်သမားအများစုက လယ်ကွင်းတွေကို စွန့်ခွာပြီး ရရာအလုပ်ကို ဝင်လုပ်ကြတော့မှာ” ဟု သူက ပြောသည်။