ကိုဇာဂနာ ဆေးကုသခွင့် ရရှိပြီ

ကိုဇာဂနာ ဆေးကုသခွင့် ရရှိပြီ
by -
ဖနိဒါ
ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည့် ဟာသပညာရှင်နှင့် ဒါရိုက်တာ သူရ ခေါ် ကိုဇာဂနာသည် မြစ်ကြီးနားထောင်တွင် ကျန်းမာရေး မကောင်းသဖြင့် ယမန်နေ့က ဆေးစစ်ခွင့် ရခဲ့ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည့် ဟာသပညာရှင်နှင့် ဒါရိုက်တာ သူရ ခေါ် ကိုဇာဂနာသည် မြစ်ကြီးနားထောင်တွင် ကျန်းမာရေး မကောင်းသဖြင့် ယမန်နေ့က ဆေးစစ်ခွင့် ရခဲ့သည်။

နှလုံးယောင်နေသည့် ၄၈ နှစ်အရွယ် ကိုဇာဂနာအား မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ထုတ်လာပြီး အထူးကု ဆရာဝန်နှင့် ဆေးစစ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က ရုံးထုတ်ပြီးတော့ ဆေးစစ်တာတွေတော့ လုပ်တယ်။ အိမ်ကိုလည်း ဘာအကြောင်းမှ မကြားဘူး။ မနေ့က သွားတွေ့တော့ မရှိတော့ ဆေးရုံကို လိုက်သွားတာ။ ၂ နာရီ ၁၅ မှာ စောင့်တာ။ ၄ နာရီထိုးမှ ပြီးတယ်။ ထောင်ကို ပြန်ခေါ်သွားတယ်လေ” ဟု မြစ်ကြီးနားထောင်သို့ ထောင်ဝင်စာသွားတွေ့သူ ခယ်မဖြစ်သူ မငြိမ်းက မဇ္စျိမကို ပြောသည်။

“ဆေးရုံမှာလည်း အချုပ်ဆောင်ဆိုတာ ရှိတယ်။ ဒါပေမဲ့ ကိုသူရကို ဆေးရုံလည်း ပေးမတက်ဘူးလေ။ အသည်းကတော့ ကောင်းသွားပြီ ဆရာဝန်ကြီး ပြောတာက အောက်ဆီဂျင် လိုတဲ့အခါလည်း လိုမယ်နော်လို့ ပြောတာပဲ” ဟု သူက ဆက်ပြောသည်။   

ယမန်နေ့က X-Ray ၊ ECG ၊ Ultrasound တို့ ရိုက်ကြည့်ရာ နှလုံးယောင်နေသည်ကို တွေ့ရှိခဲ့ရသည်။   

“ကိုသူရ ပြောတာက ဆေးစစ်ထွက်လာတော့ ညီမလေး Ultrasound ရိုက်တယ်။ အသည်းရော၊ ကျောက်ကပ် အကုန်ကောင်းတယ်။ X-Ray လည်း ကောင်းတယ်။ ECG ကို ၂ ခါ ရိုက်တယ်။ နှလုံးပဲ ယောင်နေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဆရာဝန်ကို စိုးရိမ်ရလား မေးတော့ ECG ရိုက်တာကို သဘောမကျဘူး။ နှလုံးကြီးနေတယ်လို့ ပြောတယ်။ လူကြည့်ရင်တော့ ကောင်းတယ်။ နှလုံး သဘောမကျဘူး” ဟု မငြိမ်းက ပြောသည်။

ရောဂါဆေးစစ်မှု မပြုခင်က အသည်းယောင်ကာ အသားမှာ ဝါနေသော်လည်း လက်ရှိတွင် နှလုံး၊ သွေးတိုး၊ အရိုးကြီးပေါင်း ရောဂါများ ခံစားနေရသည်ဟု သိရသည်။

ယခုလို နှလုံးကြီး နှလုံး ယောင်ယမ်းခြင်းသည် အမျိုးမျိုးရှိပြီး ခန္ဓာကိုယ်ဖောယောင်လာနိုင်ကာ အမြန်ဆုံး ကုသမှု ခံယူသင့်သည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ဆရာဝန်တဦးက ပြောသည်။

နှလုံးတွင် ဖြစ်တတ်သည့် ရောဂါ အမျိုးအစားသည် နှလုံးကြွက်သားယောင်ခြင်း၊ နှလုံး အမြေးပါး ယောင်ခြင်း၊ နှလုံး အလုပ်မလုပ်ဘဲ ကြီးပြီး ယောင်ခြင်းနှင့် နှလုံးစွမ်းအင် ကျဆင်းပြီး ကြီးလာခြင်းတို့ ရှိကြောင်း သိရသည်။

ရန်ကုန် ဆရာဝန်က “နှလုံးယောင်တယ်ဆိုတာ အမျိုးမျိုးရှိတယ်။ နှလုံး အလုပ်မလုပ်ဘဲ ကြီးပြီးတော့ အဲလို နှလုံးကြီးရင် ခန္ဓာကိုယ် ဖောမယ်၊ ယောင်မယ်။ ခြေလက်၊ ဗိုက်၊ မျက်နှာ ဖောမယ်၊ မောမယ်၊ နှလုံး အလုပ်မလုပ်နိုင်ဘူးပေါ့။ အဲလိုဆို ဆေးရုံတက်ဖို့ လိုတယ်။ နှလုံးထဲ အရည်တွေ စုနေတာကို လျော့သွားအောင် ပိုးမဝင်အောင် anti-biotic ဆေးတွေ သွင်းပေးရတယ်။ နှုတ်ခမ်းတွေ ပြာမယ်ဆိုရင် အောက်စီဂျင်တွေ လိုအပ်တယ်ပေါ့နော်” ဟု ပြောသည်။

ယမန်နေ့က ကိုဇာဂနာအား ထောင်မှ ထုတ်လာစဉ် ရဲ ၈ ဦး၊ မြို့နယ် (မယက) နှင့် ရပ်ကွက် (ရယက) ကောင်စီဝင်များ၊ ရဲအထူးသတင်းတပ်ဖွဲ့ဝင်များ၊ ထောင်ဝန်ထမ်းများက ကားနှစ်စီးပေါ်တွင် လက်နက်အပြည့် ကိုင်ဆောင်ထားကာ လုံခြံုရေးအဖြစ် လိုက်ပါလာခဲ့သည်။

“ဂျစ်ကားပေါ် ရှေ့မှာ ထောင်မှူး၊ ကိုသူရ သူ့ဘေးမှာ ရဲနှစ်ယောက်နဲ့ နောက်ထပ် ရဲကား တစီး၊ ယရက၊ မယက နှစ်စီး လူနာကို ခေါ်လာတာနဲ့ မတူဘူး။ လက်နက်တွေလည်း အပြည့်အစုံပဲ။ မျက်ရည်တောင် ကျမိတယ်။ လူတွေကလည်း ကိုဇာဂနာ ဆေးရုံတက်တယ်ဆိုပြီး ကြည့်ကြတာ၊ မရဘူး။ နောက်ကနေ ထွက်လာရတယ်” ဟု မငြိမး်က ပြောသည်။

ယခုလက်ရှိ ကိုဇာဂနာ အကျဉ်းကျနေသည့် မြစ်ကြီးနားထောင်သည်် အုတ် နံရံကာထားသည့်  ၃ ပေ ပတ်လည်ခန့်ရှိ အခန်းကျဉ်းထဲတွင် နေရကြောင်း အပြင်မှ လှမ်းမြင်ရသည်ဟု သူက ဆက်ပြောသည်။

ယခင်သောက်နေသည့်  ဆေးအပြင် ဆေးတမျိုး ထပ်မံ သောက်နေရသော်လည်း မည်သည့် ဆေးသောက်နေသည်ကို မသိရပါ။

“ဒီနေ့ သွားမေးကြည့်တယ်။ ဆရာဝန်ကို ကျမ ဝယ်မယ်ပြောရင်လည်း ရပါတယ်တဲ့။ သူတို့ပဲ ဝယ်တိုက်မယ်လို့ ပြောတယ်။ ဘာဆေး ထပ်အွန်မှန်း မသိဘူး။ သွေးတိုးဆေး၊ နှလုံးဆေး အွန်တယ်ဆိုတာ ပြောတာ မဟုတ်ဘူး။ လုံးဝ မပြောဘူးလေ” ဟု မငြိမ်းက ဆိုသည်။   

ယခုလ ၁၆ ရက်နေ့က ကိုဇာဂနာသည် မူးလဲရာမှ ည ၈ နာရီခန့်တွင် သတိပါ လစ်ခဲ့ပြီးနောက် ည ၁၁ နာရီခန့်တွင် ပြန်သတိရခဲ့သည်။

အသည်းရောင် အသားဝါ ဖြစ်ခဲ့သဖြင့် ထောင်ပြင်ပသို့ ခေါ်ထုတ်ကာ ကျန်းမာရေးဆိုင်ရာ ဆရာဝန်ကြီးများနှင့် စစ်ဆေးကုသခွင့် ပြုရန် ထောင်အာဏာပိုင်များမှတဆင့် ပြည်ထဲရေး ဝန်ကြီးအထိ မိသားစုက တင်ပြတောင်းဆိုခဲ့သည်။

နာဂစ်မုန်တိုင်းသင့်သူများကို ကူညီပေးနေသည့် ကိုဇာဂနာကို ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ သူ့ကို ထောင်ဒဏ် ၅၉ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရာမှ ၃၅ နှစ်သို့ လျှော့ပေးခဲ့သည်။

ထောင်ဝင်စာ တွေ့ခွင့်ရရေးအတွက် ရန်ကုန်မြို့မှ ကချင်ပြည်နယ်အထိ အသွားအပြန် လမ်းစရိတ်မှာ အနည်းဆုံး ကျပ်ငွေ ရ သိန်း ကုန်ကျပြီး၊ ယခုလအတွင်း ၁၄ သိန်းခန့် ကုန်ကျနေပြီဖြစ်ကြောင်း သိရသည်။