ချင်းမိုင် (မဇ္စျိမ)။ ။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး၌ မနက်ဖြန် ကျင်းပမည့် တိုင်းနဲ့ ပြည်နယ် စုံညီအစည်းအဝေးအတွက် ကြိုတင်ညှိနှိုင်းပွဲတရပ်ကို ယနေ့ ကျင်းပရာ အာဏာပိုင်များက ရုံးပတ်ဝန်းကျင်တွင် လုံခြံုရေးများ ချထားခဲ့သည်။
စုံညီအစည်းအဝေးအတွက် ရန်ကုန်တွင် ရောက်ရှိနေပြီဖြစ်သည့် ပြည်နယ်နှင့် တိုင်းများမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ လူငယ်နှင့် အမျိုးသမီး ခေါင်းဆောင်များ စုစုပေါင်း ၁၄၈ ဦးဖြင့် ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အကြိုညှိနှိုင်းပွဲ ကျင်းပရာ ရုံးအနီးတဝိုက်တွင် လုံခြံုရေးများ ချထားခဲ့ခြင်း ဖြစ်သည်။
“ရုံးရှေ့က ကျောက်ဆည် ဓမ္မာရုံထဲမှာတော့ အရပ်ဝတ် လုံခြံုရေးတွေ အများကြီး ရှိပါတယ်။ အရင်တုန်းက တွေ့တတ်တဲ့ စွမ်းအားရှင်တို့၊ ကြံဖွတ်တို့ကိုတော့ မတွေ့ရဘူး။ ကျနော်တို့ ပတ်ဝန်းကျင်မှာတော့ မရှိဘူး။ လုံခြံုရေးကတော့ ၃ဝ နီးပါးလောက် ရှိတယ်။ ကျနော် မမြင်နိုင်တဲ့ နေရာမှာ ရှိ၊ မရှိတော့ ကျနော် မပြောနိုင်ဘူး” ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
လုံထိန်းများနှင့် ယာဉ်ထိန်းရဲများသည် ဆိုင်ကယ်နှင့် ကားများဖြင့် လာရောက်ကြပြီး ပါတီဝင်များကို ဗီဒီယိုမှတ်တမ်း ရိုက်ကူးခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ လုပ်ခဲ့သည်။
အစည်းအဝေး တက်ရောက်သူ ပါတီလူငယ်တဦးက “ရုံးနောက်က လင့်လမ်းထဲမှာရှိတဲ့ စာသင်ကျောင်း ထဲမှာလည်း လုံခြံုရေး အများကြီး ရှိတယ်။ ကျနော်တို့ ရုံးရှေ့မှာရှိတဲ့ ကား ၄၊ ၅ စီးနဲ့ ဆိုင်ကယ် အစီး ၂ဝ လောက် ရှိတယ်။ ဆိုင်ကယ်သမားတွေက ဗီဒီယို ရိုက်တယ်။ သတင်းယူတယ် မှတ်တမ်းယူတယ်။ အုတ်လမ်း ဓမ္မာရုံထဲမှာ အများကြီး ချထားတယ်။ နေရာတိုင်းမှာ ၂ဝဝ နီးပါးလောက် ရှိတယ်။ သူတို့လည်း သူတို့ လုပ်ငန်း လုပ်၊ ကျနော်တို့လည်း လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်'' ဟု ပြောသည်။
ဗဟန်းမြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် တာမွေမြို့နယ်ဘက်တွင်လည်း လုံခြံုရေးများ ချထားခဲ့ကြောင်း သိရသည်။
“တာမွေ ဗလီ ကားမှတ်တိုင်ထိပ်က တော်တော်ကို စည်ကားတဲ့နေရာ ဖြစ်နေတယ်။ ကားတွေက ဗလီထိပ်မှာ အများစုလာတဲ့ နေရာဖြစ်တယ်။ လုံခြံုရေး အင်အားက ကျနော့် ခန့်မှန်းခြေအရ အရပ်ဝတ်နဲ့ ယူနီဖောင်းနဲ့ဆိုရင် ၁၅ ယောက်လောက် ရှိတယ်။ ကြက်လျှာစွန်းနဲ့ ဗလီထိပ်ကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြတယ်” ဟု ပြောသည်။
“တော်တော်များများ အဖွဲ့ချုပ်ဝင်တွေက တာမွေကနေ သွားနေရတယ်။ အဲဒါကြောင့် အဲဒီမှာ ကားဂိတ်မှာ လုံခြံုရေးတွေ ချထားတာ ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။
ယနေ့ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံရေးနှင့် စည်းရုံးရေး အခြေအနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာများ ဆွေးနွေးခဲ့သည်။
ဦးဉာဏ်ဝင်းက “နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရယ် ဒီ ခေါင်းစဉ် ၃ ခု အပေါ်မှာ အဖွဲ့ချုပ်ပေါ်က ချပေးတဲ့ စာတမ်းအပေါ်မှာ ကျနော်တို့ ဝေဖန်တယ်၊ သုံးသပ်တယ်။ ဒီဟာတွေပေါ်မှာပဲ ညှိနှိုင်းကြတာ။ မနက်ဖြန်ကျမှ ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
“တိုင်းနဲ့ ပြည်နယ်က အစည်းအဝေး တက်ရောက်သူ ၁ဝဝ ကျော် ရောက်ရှိနေပါတယ်။ တချို့လည်း အစည်းအဝေးစမယ့် အချိန်ကျမှ ရောက်မယ့်သူတွေလည်း ရှိတယ်။ ဒါက အနည်းစုပါ၊ အများစုကတော့ ရောက်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။
မနက်ဖြန်တွင် ရုံးချုပ်၌ ကျင်းပမည့် အစည်းအဝေးသည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်ဒီ၏ စတုတ္ထအကြိမ်မြောက် ပြည်နယ်နှင့် တိုင်းပေါင်းစုံ စုံညီ အစည်းအဝေးကြီး ဖြစ်သည်။