ကန်ဒေါ်လာသန်း ၈ဝဝ တန် သတ္တုတွင်း စီမံကိန်း တရုတ် ရရှိ

ကန်ဒေါ်လာသန်း ၈ဝဝ တန် သတ္တုတွင်း စီမံကိန်း တရုတ် ရရှိ
by -
မေကျော်
တရုတ် သတ္တုတူးဖော်ရေး အုပ်စုကြီးတစုက မြန်မာပြည်အထက်ပိုင်း မန္တလေးမြို့မြောက်ပိုင်း တကောင်းတောင် သတ္တုတွင်း စီမံကိန်းကို  အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ဖြင့် တူးဖော်ခွင့် ရရှိသွားပြီ ...

ချင်းမိုင် (မဇ္စျိမ)။     ။ တရုတ် သတ္တုတူးဖော်ရေး အုပ်စုကြီးတစုက မြန်မာပြည်အထက်ပိုင်း မန္တလေးမြို့မြောက်ပိုင်း တကောင်းတောင် သတ္တုတွင်း စီမံကိန်းကို  အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ဖြင့် တူးဖော်ခွင့် ရရှိသွားပြီဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဇူလိုင်လ ကတည်းက စတင်ဆွေးနွေးထားသော ယင်းစီမံကိန်းမှာ ယခုလအတွင်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ တရုတ်နိုင်ငံတွင် ကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ ခရီးစဉ်တွင် အကောင်အထည်ပေါ် ခဲ့ခြင်းဖြစ်သည်။

China Non-Ferrous Metal Group (CNMC) သည် မြန်မာစစ်အစိုးရနှင့် သဘောတူပြီးပြီဟု တရုတ်ဘာသာဖြင့် ရေးသားသည့် ယခုလ ၂၂ ရက်နေ့ထုတ် တရုတ်သတင်းစာကို ကိုးကား၍ Alibaba.com ၌ ဖော်ပြခြင်းဖြစ်သည်။    

မြန်မာနိုင်ငံအတွက် အကြီးမားဆုံး သတ္ထုတွင်း စီမံကိန်းဖြစ်ကြောင်း CNMC ၏ အထွေထွေ မန်နေဂျာ Luo Tao က ပြောဆိုသည်။   

ဤသတ္ထုတွင်းမှ ကန်ဒေါ်လာ သန်း ၈ဝဝ တန် ဖာရိုနီကယ် - Ferro nickel (သန့်စင်စတီးလ် ပြုလုပ်ရာ၌ အသုံးပြုသည့် ဓာတ်သတ္ထုတမျိုး) စီမံကိန်းမှာ တန်ချိန် ၈ သောင်း သတ္ထုသိုက်ဖြစ်ပြီး၊ အကောင်အထည် ပေါ်ပါက မြန်မာနိုင်ငံ တမျိုးသားလုံး အသားတင် ထုတ်လုပ်မှု (GDP) မှာ ၂ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု CNMC က ဆိုထားသည်။   

CNMC၏ ဝက်ဘ်ဆိုက်တွင် မူလက ထုတ်ပြန်ချက်အရ  တကောင်းတောင်မှာ သတ္ထုတူးဖော်ရေး လုပ်ကိုင်နိုင်ရန် လပေါင်း ၃ဝ ကြာ တည်ဆောက်ပြင်ဆင်ရမည်ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် အစောပိုင်းတွင် သတ္ထုတူးလုပ်ငန်း စမည်ဖြစ်ကာ၊ တနှစ်လျှင် သန့်စင်ပြီး နီကယ် တန်ချိန် ၂၂,ဝဝဝ ထုတ်လုပ်နိုင်မည်ဟု ဆိုထားသည်။    

မြန်မာ ဝန်ကြီးချုပ်က စီမံကိန်းအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးမည့်အကြောင်း ကတိပေးခဲ့သလို၊ CNMC ၏ အလုပ်အမှုဆောင် တဦးက အချိန်စောနိုင်သမျှ စောပြီး လုပ်ငန်းရန် လုပ်ကိုင်သွားမည်ဟု ပြောဆိုခဲ့သည်။

အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ခံထားရသည့် မြန်မာနိုင်ငံတွင် CNMC သည် စီးပွားရေးအရ အရေးပါသည့် လုပ်ငန်း စီမံကိန်းများကို တရုတ် ခေါင်းဆောင်များ၏ အထောက်အပ့ံဖြင့် ဝင်ရောက်လုပ်ကိုင်နေသော သတ္ထုတူးဖော်သည့် အုပ်စုကြီး ဖြစ်သည်။

ယခုလ ၂၁ ရက်နေ့ထုတ် မြန်မာစစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင်မူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် တရုတ်နိုင်ငံတွင် ကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲသို့ တက်ရောက်ရင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ Ritz Carlton ဟိုတယ်၌ ယခုလ ၁၇ ရက်နေ့က ChinaNon Ferous Metal Mining Group of Co., Ltd. မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်းသာ ဖော်ပြ ခဲ့ပြီး အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိပါ။   

ဝန်ကြီးချုပ်က စီမံကိန်းအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးမည့်အကြောင်း ကတိပေးခဲ့သလို၊ CNMC ၏ အလုပ်အမှုဆောင် တဦးက အချိန်စောနိုင်သမျှ စောပြီး လုပ်ကိုင်သွားမည်ဟု ပြောဆိုခဲ့သည်။

သို့သော် CNMC ၏ နောက်ဆုံး အစီရင်ခံစာထဲတွင် မြန်မာစစ်အစိုးရသည် ယင်းသတ္ထုတူးဖော်ရေး လုပ်ငန်းမှာ အစုရှယ်ယာ ရာခိုင်နှုန်း မည်ရွှေ့မည်မျှ ပါဝင်မည်ကို ပြောဆိုထားခြင်း မရှိပါ။   

တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ၂ဝဝ၈ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ထိုးခဲ့သည့် ယခုသတ္ထုမိုင်း တူးဖော်ရေး လုပ်ငန်းကို အကောင်အထည် ပေါ်လာရန် အထူးဂရုပြု လုပ်ဆောင်ခဲ့သည်ဟု တရုတ်သတင်းက ဆိုသည်။

မန္တလေးတိုင်း တကောင်းမြို့နယ်အတွင်းရှိ တကောင်းတောင်သည် သတ္ထု ပေါကြွယ်ဝရာ ဒေသဖြစ်ပြီး၊ မန္တလေးမြို့ မြောက်ဘက် မိုင် ၂ဝဝ အကွာတွင် တည်ရှိသည်။   

Most read this week