အာဆီယံ ဆက်စပ် အစည်းအဝေး မြန်မာဝန်ကြီးချုပ် တက်ရောက်မည်

အာဆီယံ ဆက်စပ် အစည်းအဝေး မြန်မာဝန်ကြီးချုပ် တက်ရောက်မည်
by -
မေကျော်
ထိုင်းနိုင်ငံ ပတ္တရာမြို့တွင် ကျင်းပမည့် အာဆီယံ ဆက်စပ်ထိပ်သီးများ အစည်းအဝေးသို့ မြန်မာစစ်အစိုးရ ဝန်ကြီ်းချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည်ဟု သိရသည်။ ယခုလ ၁ဝ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပမည့် ထိုအစည်းအဝေးသို့ မြန်မာဝန်ကြီးချုပ် တက်ရောက်မည့် ...

ချင်းမိုင် (မဇ္စျိမ)။     ။ ထိုင်းနိုင်ငံ ပတ္တရာမြို့တွင် ကျင်းပမည့် အာဆီယံ ဆက်စပ်ထိပ်သီးများ အစည်းအဝေးသို့ မြန်မာစစ်အစိုးရ ဝန်ကြီ်းချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည်ဟု သိရသည်။

ယခုလ ၁ဝ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပမည့် ထိုအစည်းအဝေးသို့ မြန်မာဝန်ကြီးချုပ် တက်ရောက်မည့်အကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

သို့သော် မည်သည့်နေ့ရက်တွင် သွားရောက်မည်ကိုမူ ထုတ်ဖော် ရေးသားထားခြင်း မရှိပါ။   

အာဆီယံ ခေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း ၁ဝ နိုင်ငံနှင့် ဆက်စပ်နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျား၊ နယူးဇီလန်တို့ အစည်းအဝေး တက်မည်ဖြစ်ကာ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေး ဆွေးနွေးကြမည်ဟု သိရသည်။

လွန်ခဲ့သည့် တပတ်ခန့်က ဗြိတိန်နိုင်ငံ လန်ဒန်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စက်မှုထိပ်သီး G-20 အစည်းအဝေးမှ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းမှ ရုန်းထွက်မည့် အစီအစဉ်ကို အာဆီယံက ဆွေးနွေးညှိနှိုင်းမည်ဟု ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ပြောကြားခဲ့ကြောင်း ယခုလ ၅ ရက်နေ့တွင် AFP သတင်းဌာနက ဖော်ပြခဲ့သည်။

လက်ရှိ အာဆီယံဥက္ကဌ တာဝန်ဖြင့် ထိုင်းဝန်ကြီးချုပ်သည် G-20 ထိပ်သီး အစည်းအဝေးတွင် လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

အာဆီယံ ဆက်စပ်ထိပ်သီးများ အစည်းအဝေးအပြင် ၃ ကြိမ်မြောက် အာဆီယံ-ကုလ ထိပ်သီး ဆွေးနွေးပွဲလည်း ကျင်းပသွားဦးမည်။

ထိုဆွေးနွေးပွဲတွင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ - IMF ၊ ကမ္ဘာ့ဘဏ် - WB နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ - WTO မှ အကြီးအကဲများလည်း တက်ရောက်မည်ဟု သိရသည်။

Most read this week