စာမေးပွဲ စစ်ဆေးမှု ပုံမှန်ဟု မြင်းခြံဆရာမပြော

စာမေးပွဲ စစ်ဆေးမှု ပုံမှန်ဟု မြင်းခြံဆရာမပြော
by -
ကိုဝိုင်း
စာမေးပွဲအခန်းထဲသို့ စာရွက်စာတမ်းများ ခိုးဝှက် သယ်ယူလာခြင်း မရှိစေရန် ၁ဝ တန်း ကျောင်းသူ/သားများအား ခန္ဓာကိုယ်အနှံ့ အကြမ်းပတမ်း စစ်ဆေးနေသည်ဟု ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း မန္တလေးတိုင်း မြင်းခြံမြို့ အထက ၃ မှ ဆရာမတဦးက ငြင်းဆို ...

ချင်းမိုင် (မဇ္စျိမ)။     ။ စာမေးပွဲအခန်းထဲသို့ စာရွက်စာတမ်းများ ခိုးဝှက် သယ်ယူလာခြင်း မရှိစေရန် ၁ဝ တန်း ကျောင်းသူ/သားများအား ခန္ဓာကိုယ်အနှံ့ အကြမ်းပတမ်း စစ်ဆေးနေသည်ဟု ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း မန္တလေးတိုင်း မြင်းခြံမြို့ အထက ၃ မှ ဆရာမတဦးက ငြင်းဆိုသည်။   

ကျောင်းဝင်းဂိတ်၊ စစ်ဆေးဆောင်နှင့် စာဖြေခန်း ဟူ၍ သုံးနေရာ ခွဲကာ နေ့စဉ် စစ်ဆေးရာ အထက ၁ နှင့် ၃ တွင် ရှာဖွေပုံမှာ ကြမ်းတမ်းလှသည်ဟု ကျောင်းသားများနှင့် မိဘများက မဇ္ဈိမကို ပြောဆိုသည့်အပေါ် ဆရာမက ငြင်းချက် ထုတ်လိုက်ခြင်း ဖြစ်သည်။

“တခြား center တွေနဲ့ အတူတူပါပဲ။ ဒါ အထက်က အမိန့်ချထားတဲ့ အတိုင်းပါပဲ။ မိန်းကလေးဆိုရင် မိန်းကလေးတွေချည်းပေါ့နော်။ ယောက်ျားဆိုရင် ယောက်ျားတွေပဲပေါ့နော်။ မ ဆိုရင် မ ဆရာမပေါ့နော်။ ကျား ဆိုရင် ကျား ဆရာပေါ့နော်။ သီးသန့်အခန်းတွေ ခွဲထားတယ်လေ။ အလုံပေါ့နော်။ ကျမတို့စစ်တာ ပုံမှန်ပါပဲ။ သီးသန့်အခန်းထဲမှာလည်း အင်္ကျီကော်လံတွေ ဘာတွေပေါ့။ တချို့က လက်တွေ ခေါက်ထားတယ်လေ။ အဲဒီ ခေါက်ထားတာကို ပြန်ဖြည်ပြီး စစ်တယ်လေ” ဟု ဆရာမက မဇ္စျိမကို ပြောသည်။

သို့သော် ဂိတ်ဝင်အဝ၌ သာမက သီးသန့်အခန်း၌လည်း ထပ်ရှာသေးသည်ဟု သူက အတည်ပြု ပြောဆိုသည်။   

ကျောင်းသားမိဘတဦးကမူ “မိန်းကလေးတွေက အဆောင်မှာဆိုပေမယ့် ထရံပဲ ကာထားတာ။ ကောင်လေးတွေက ကွင်းလယ်ခေါင်မှာ ထရံကာပဲ။ အထက ၃ က တော်တော်ဆိုးတယ်။ ကောင်မလေးတွေကို စစ်တာ ကာယအိန္ဒြေ တော်တော်ကို ပျက်တယ်ဗျ။ နောက် ၁ က အဆောင် များတယ်။ ဆိုးတဲ့အဆောင်က ဆိုးတယ်။ ခိုးချတာ မကြိုက်ဘူးပေါ့ဗျာ။ မိလို့ ၃ နှစ် ပယ်တာ ဘာညာ လက်ခံလို့ရတယ်။ အခု စစ်တဲ့ ပုံက ဖောက်ခွဲရေးသမားတွေ၊ နောက် ထောင်ထဲ ဝင်ခါနီး အမျိုးသမီးတွေပေါ့ဗျာ၊ စစ်တဲ့ဆေးတဲ့ ပုံစံမျိုး ဖြစ်နေတယ်” ဟု ပြောသည်။

သီးသန့်ဆောင် ရှာဖွေမှု ပြီးသော်လည်း စာဖြေခန်းထဲ မဝင်ရသေးဘဲ ကျောင်းကစားကွင်းလယ် မြေကြီးပေါ်၌ ၈ နာရီခွဲ သံခေါင်းခေါက်သည်အထိ ထိုင်စောင့်ကြရသည်။ ထို့နောက် စာဖြေခန်းထဲတွင်လည်း ဘောပင်၊ ပေတံ၊ ပိုက်ဆံအိတ်များအား ထပ်မံစစ်ဆေးပြန်သည်။

မန်ကျည်းပင်စုရွာမှ  မြင်းခြံ အထက ၃ တွင် ဖြေဆိုရသည့် ကျောင်းသူတဦးက “အပေါက်ဝမှာ အရင်စစ်တယ်။ အဲဒီမှာ ဆရာမတွေက သာသာလေးပဲ စမ်းတာပေါ့နော်။ ပြီးရင် အခန်းထဲမှာ စစ်တဲ့ ဆရာမတွေဆီကို သွားရတယ်။ အဲဒီ ဆရာမတွေက တော်တော်ကိုကြမ်းတာ။ အကုန်လုံးကို နှိုက်ပြီးတော့ စစ်တာပဲ။ ကောင်မလေးတယောက်ဆို အင်္ကျီတွေဘာတွေ ချွတ်တယ်။ တကိုယ်လုံး ရှာတယ်။ လက်အိတ်တွေ စွတ်ပြီးတော့ ရှာတာလေ။ ရှာတာကြမ်းတော့ ကြယ်သီးတွေတောင် ပြုတ်ထွက်တယ်” ဟု ပြောသည်။

ကျောင်းသားများအတွက် ကွင်းအလယ်၌ ထရံကပ် လေးဘက် ကာထားသော်လည်း ထောင့်လေးထောင့်၌ နေရာလွတ်နေသဖြင့် အပြင်မှ ကြည့်လျှင် မြင်ရသည်ဟု ကျောင်းသားများက ဆိုသည်။

မြင်းခြံမြို့တွင် စာမေးပွဲစစ်ကာစက လျှပ်စစ်မီး ပုံမှန်ရသော်လည်း အနီးတဝိုက် နယ်ဒေသများတွင် မီးမလာသဖြင့် စာကျက်မှတ်ရန် အခက်အခဲများ ရှိနေသည်။

ဘက်ထရီနှင့် မီးစက် မတတ်နိုင်သူများမှာ ဖယောင်းတိုင် အသေးများကို တတိုင်လျှင် ကျပ် ၅ဝ ပေး၍ ဝယ်သုံးရသော်လည်း ၁၅ မိနစ်ခံသာဖြစ်သဖြင့် များများမသုံးစွဲနိုင်သူများမှာ စာကျက်ချိန် လျော့ကျရကြောင်း သိရသည်။

Most read this week