နယူးဒေလီ (မဇ္စျိမ) ။ ။ ဧရာဝတီတိုင်းမှ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီနေစဉ် အဖမ်းခံခဲ့ရသူကို ၈ လကြာမျှ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းထားရာမှ ယမန်နေ့က ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်သည်။
တောင်ဥက္ကလာပမြို့နယ်မှ ဦးထွန်းအောင်နှင့် ဒေါ်သိန်းသိန်း၏ သားဖြစ်သူဟု သိရသူ ကိုမင်းသိန်းထွန်း ခေါ် ကိုသီဟသည် ဧရာဝတီတိုင်းမှ လေဘေးဒုက္ခသည်များကို ကူညီနေရင်း ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်း အဖမ်းခံရကာ တရားမဝင် အသင်းနှင့် ဆက်သွယ်ခြင်းနှင့် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် ယခုလို ပြစ်ဒဏ်ကျခံရခြင်း ဖြစ်သည်။
“မနေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးက ၁၇ နှစ်ပေါ့နော်၊ အီလက်ထရောနစ်၊ နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အသင်းနဲ့ ဆက်သွယ်မှုနဲ့ ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်” ဟု ဆွေမျိုးတော်စပ်သူတဦးက မဇ္စျိမကို ပြောသည်။
ကိုမင်းသိန်းထွန်းသည် မလေးရှားနိုင်ငံသို့ တရားဝင် ပတ်စ်ပို့ဖြင့် ၂၀၀၅ ခုနှစ်မှ စတင်ကာ သွားရောက် အလုပ်လုပ်နေခဲ့ပြီး၊ ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းကြောင့် အတိဒုက္ခရောက်နေသူများကို ကူညီရန်အတွက် သူ၏ အွန်လိုင်းဘလော့ဂ်မှတဆင့် အလှူငွေနှင့် ပစ္စည်းများ တောင်းခံခဲ့သူဖြစ်သည်။
သူ၏ www.thiha.blogsport.com ဘလော့ဂ်မှာ ယခုအခါတွင် ဖတ်ရှု၍ မရနိုင်တော့ပဲ ဖြစ်နေသည်။
အကူအညီများကို ဧရာဝတီတိုင်းမှ မုန်တိုင်းသင့် ဘိုကလေး၊ လပွတ္တာ၊ ဒေးဒရဲမြို့များသို့ ကိုယ်တိုင် သွားရောက်ပို့ဆောင်နေရင်း ၃ ကြိမ်မြောက် ခရီးစဉ်ဖြစ်သည့် ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းက အဖမ်းဆီးခံခဲ့ရသည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်သို့ လာရောက်ရှိဖွေမှုများ ပြုလုပ်ခဲ့သလို အောင်သပြေ စစ်ကြောရေးစခန်း၌ နှစ်လကြာ စစ်ဆေးပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။
မိဘများမှာ ပင်စင်စားများဖြစ်သဖြင့် စီးပွားရေးအခြေအနေအရ အမှုအတွက် ခုခံချေပပေးမည့် ရှေ့နေကို ငှားရမ်းနိုင်ခြင်း မရှိကြောင်း သိရသည်။