ရန်ကုန် သတင်းသင်တန်းတွင် အမေရိကန်စင်တာမှ သင်တန်းဆရာ ပထမဆုံး ပို့ချ

ရန်ကုန် သတင်းသင်တန်းတွင် အမေရိကန်စင်တာမှ သင်တန်းဆရာ ပထမဆုံး ပို့ချ
by -
နန်းဒေဝီ
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ရန်ကုန်တွင် ပြုလုပ်သည့် ပွဲဦးထွက် သတင်းမီဒီယာသင်တန်းတွင် အမေရိကန်စင်တာမှ သင်တန်းဆရာတဦးက ပထမဆုံးအကြိမ် ပါ၀င်ပို့ချနေသည်။ မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆက်ဆံရေး ကောင်းမွန်သည့် စာနယ်ဇင်းအဖွဲ့က ...

နယူးဒေလီ (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ရန်ကုန်တွင် ပြုလုပ်သည့် ပွဲဦးထွက် သတင်းမီဒီယာသင်တန်းတွင် အမေရိကန်စင်တာမှ သင်တန်းဆရာတဦးက ပထမဆုံးအကြိမ် ပါ၀င်ပို့ချနေသည်။    

မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆက်ဆံရေး ကောင်းမွန်သည့် စာနယ်ဇင်းအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ၂ လကျော်ကြာ ပြုလုပ်မည့် သင်တန်းတွင် ရန်ကုန်ရှိ အမေရိကန်စင်တာမှ သင်တန်းဆရာ မစ္စတာ Dough Cosper နှင့်အတူ အခြား နိုင်ငံခြားသားတဦး ပို့ချနေခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ အမေရိကန် စင်တာတွင် ပြုလုပ်သည့် မည်သည့်သင်တန်းမျိုးကိုမဆို အရပ်ဝတ် အထူးရဲသတင်း တပ်ဖွဲ့က အနီးကပ် စောင့်ကြည့်လေ့ရှိသော်လည်း ယခု သင်တန်းတွင်မူ အမေရိကန်စင်တာမှ ဆရာတဦး ပါ၀င်နေခြင်းလည်း ဖြစ်သည်။    

“ဒီအဖွဲ့က ပြန်ကြားရေးကို ပိုင်တဲ့သူတွေ ပါတယ်။ အဲဒီတော့ ဘာမှ ပြဿနာမရှိပါဘူး။ လာတက်တဲ့ သူတွေကလည်း အဲဒီအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူတွေလောက်သာ ပါနေမှာပါ” ဟု ရန်ကုန်အခြေစိုက် ၀ါရင့်မဂ္ဂဇင်း အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။

မစ္စတာ Dough Cosper က အခြေခံ သတင်းရေးသားနည်း သင်ခန်းစာများ ပို့ချနေသည့်အပေါ် ရန်ကုန် သတင်းမီဒီယာ သမားများအကြားတွင် အမျိုးမျိုး သုံးသပ်ဝေဖန်နေသည်။    

ရန်ကုန် အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက “ပြည်ထဲရေး (၀န်ကြီးဌာန) ကို မြင်သာမြင်၊ မသိစေနဲ့ ဆိုတာမျိုးလည်း ဖြစ်နိုင်တာပါပဲ” ဟု ဆိုသည်။

“အချုပ်အနှောင်ကင်းတဲ့ အဖွဲ့ (စာပေနှင့် စာနယ်ဇင်း) မဟုတ်ဘူး။ ပြန်ကြားရေးနဲ့ ပလဲပနံသင့်တဲ့ သူတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့ပေါ့။ ဗဟိုကော်မတီအဖွဲ့ဝင် ဆိုတာလည်း ပြန်ကြားရေးက နှစ်သက်တဲ့သူတွေကိုပဲ ခန့်ထားတယ်” ဟု အမည်မဖော်လိုသူ ရန်ကုန်အခြေစိုက် ၀ါရင့် မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မြန်မာအတာသင်္ကြန် မတိုင်ခင်အထိ ရန်ကုန်ရှိ အဖွဲ့ရုံးတွင် ပြုလုပ်သွားမည့် ယခုသတင်းသို့ စာပေနှင့် စာနယ်ဇင်းများမှ သင်တန်းသား ၄၀ ကျော် တက်ရောက်နေသည်။    

အခြေခံ သတင်းရေးသားနည်း အပါအဝင်၊ ဓာတ်ပုံ၊ ဆောင်းပါး၊ lay out design၊ သတင်းတည်းဖြတ်မှု စသည့် ပညာများကို သင်ပေးနေသလို၊ သတင်းစာ ထုတ်ဝေနိုင်သည့် အဆင့်အထိ ပို့ချပေးမည်ဟု သိရသည်။    

တရက်လျှင် သင်တန်းချိန် ၃ နာရီ သတ်မှတ်ထားပြီး၊ သင်တန်းကာလ တလျှောက်လုံးအတွက် တဦးလျှင် ကျပ်ငွေ ၃ သောင်း သင်တန်းကြေး ပေးရသည်။   

သင်တန်းသို့ ရန်ကုန်အခြေစိုက် အပတ်စဉ်ဂျာနယ်များ၊ မဂ္ဂဇင်းတိုက်များမှ အယ်ဒီတာများ၊ သတင်းသမားများ အပြင် သတင်းပညာ ၀ါသနာပါသည့် မည်သူမဆို တက်ရောက်နိုင်သည်။    

လွန်ခဲ့သည့် နှစ် ၄၀ ကျော်က စစ်အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်တွင် Burma Journalists Association (BJA) အမည်ဖြင့် သတင်းပညာသင်တန်း လုပ်ခဲ့သည်။   

ယခုသင်တန်းမှာမူ Myanmar Writers and Journalists Association ခေါ် မြန်မာနိုင်ငံ သတင်းနှင့် စာနယ်ဇင်းအဖွဲ့က ပြန်ကြားရေး ၀န်ကြီးဌာန ခွင့်ပြုချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။

Most read this week