မြင်းခြံမှာ မီး အိမ်ခြေ နှစ်ရာခန့် ဆုံးရှုံး

မြင်းခြံမှာ မီး အိမ်ခြေ နှစ်ရာခန့် ဆုံးရှုံး
by -
ကို၀ုိင်း
မန္တလေးတိုင်း မြင်းခြံမြို့မြောက်ဘက်ရှိ မြို့သစ်ရပ်ကွက်၌ ယနေ့ မီးလောင်ရာ လူနေအိမ်ခြေနှစ်ရာခန့်နှင့် နည်းပညာကောလိပ် ကျောင်းဆောင်အချို့ လောင်ကျွမ်းမှုတွင် ပါသွားသည်ဟု ဒေသခံများအပြောအရ သိရ ...

ချင်းမိုင် (မဇ္စျိမ)။     ။ မန္တလေးတိုင်း မြင်းခြံမြို့မြောက်ဘက်ရှိ မြို့သစ်ရပ်ကွက်၌ ယနေ့ မီးလောင်ရာ လူနေအိမ်ခြေနှစ်ရာခန့်နှင့် နည်းပညာကောလိပ် ကျောင်းဆောင်အချို့ လောင်ကျွမ်းမှုတွင် ပါသွားသည်ဟု ဒေသခံများအပြောအရ သိရသည်။

မွန်းလွဲပိုင်း ၂ နာရီကျော်မှ စတင်လိုက်သည့် အဆိုပါ မီးလောင်မှုသည် တနာရီခန့် ကြာမြင့်ခဲ့ပြီး မြင်းခြံ၊ တောင်သာနှင့် နွားထိုးမြို့များမှ မီးသတ်ကားများ ၀ုိင်းဝန်းငြိှမ်းသတ်ခဲ့ရသည်။

“မြင်းခြံမြို့ မြောက်ဘက် မြို့သစ် ကံတုတ်ကျင်းအပိုင်းမှာ အိမ်ခြေ ၂၀၀ လောက် ပါသွားတယ်။ အရင်က ၁၉၉၄-၉၅ လောက်က အမှတ် ၅ ၊ ၆ ရပ်ကွက်တွေ မီးလောင်လို့ မြို့သစ်ဆိုပြီး သူတို့ကို ထုတ်ထားတာ။ နည်းပညာ ကောလိပ်နဲ့ နီးတယ်။ နှစ်ချက် (၂ နာရီ) ၁၅ မိနစ် လောက်က စလောင်တာ။ ၃ နာရီခွဲလောက်မှ ငြိမ်းသွားတာ။ မြောက်ဘက်ခြမ်း တခြမ်းလုံး ကုန်သလောက်ပဲ။ အဲဒီမှာ စုစုပေါင်း အိမ်ခြေ ၅၀၀ လောက် ရှိတာ။ နောက် နည်းပညာ ကျောင်းဆောင် ၃၀ လောက် ပါသွားတယ် ကြားတယ်” ဟု မြင်းခြံမြို့ခံတဦးက ပြောသည်။

မြင်းခြံ အမှတ် (၂) မီးသတ်ဌာနမှ တာဝန်ရှိသူ  မီးသတ်တပ်ဖွဲ့ဝင်တဦးကလည်း “သြော် - ဟုတ်ကဲ့ရှင့်။ မြို့သစ်မှာ မီးလောင်တာ ဟုတ်ပါတယ်။ ၂ နာရီ ကျော်ကျော်မှာ လောင်တာပါ။ ကျမတို့ မြင်းခြံက ကား ၅ စီးထွက်ပါတယ်ရှင့်။ အမှတ် ၁ ၊ ၂ မှာ ရှိတဲ့ ကားတွေပါရှင်” ဟု ပြောသည်။

မီးလောင်ရာမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ပြန်မရောက်သေးသဖြင့် ဖြစ်ပွားပုံနှင့် ထိခိုက်ပျက်စီးမှုကို အတိအကျ မပြောနိုင်သော်လည်း မြင်းခြံနှင့် မိနစ် ၃၀ ခန့် မောင်းနှင်ရသည့် တောင်သာနှင့် နွားထိုးမီးသတ်မှ မီးသတ်ကားများ လာကြကြောင်း သူက ဆိုသည်။

အခင်းဖြစ်ရာသို့ မြင်းခြံရှိ ကိုးဆောင်၊ တိုက်ကုန်း၊ ဆုတောင်းပြည့်နှင့် မဟာစည် ကျောင်းတိုက်တို့မှ သံဃာတော် အပါး ၁၅၀ ခန့် ကြွလာပြီး၊ လမ်းဘေးတွင် အိုးအိမ်မဲ့နေသော မီးဘေး ဒုက္ခသည်များကို အကူအညီပေးနေသည်။   

“ပစ္စည်းတွေက လမ်းပေါ် ပိုးလိုးပက်လက်ပဲ။ မီးဘေးဒုက္ခသည်တွေ အခုချိန် လမ်းပေါ်မှာ ရှိတယ်။ ငုတ်တုတ် ထိုင်နေတယ်။ လုမှာကြောက်လို့။ အော်ငိုနေတဲ့လူတွေက အများကြီးပဲ။ လူသေတာ မကြားဘူးဗျ။ မီးသတ်ကားက နောက်ကျမှ ရောက်တယ်။ ကျနော်တို့ဆီက မီးသတ်ကားတွေက မီးလောင်ရင် ရေမရှိဘူးဗျ။ စည်ပင်သာယာ ရေတိုင်ကီကြီးတွေ ရှိတယ်ဗျ။ မီးမလောင်ခင်စပ်ကြား အခုလို နွေဦးဆိုရင် စည်ပင်ယာသာက အဲဒီရေတွေ အကုန် ရောင်းစားထားတာ။ အဲဒီတော့ ရေတွေက အဆင်သင့် မရှိတော့၊ ရေထည့်ဖို့ စောင့်ရတာနဲ့ မီးလောင်ပြီဆိုရင် ၁၅ မိနစ်လောက်မှ ရောက်လာတယ်” ဟု မြင်းခြံမြို့ခံက ပြောသည်။
 

ထို့အပြင် “ကျနော်တို့မြင်းခြံမှာ မီးလောင်ရင် မြေက ပြန်မရဘူးဗျ။ အစိုးရက သိမ်းတာဗျ။ အဲဒီ ဒုက္ခကို လူတိုင်းက ကြောက်နေကြတာ။ ဟိုး ၁၅ နှစ်လောက်က အမှတ် ၁၅ ရပ်ကွက်လောင်တာ အခုချိန်ထိ အဲဒီမြေတွေ သိမ်းထားတုန်းပဲ။ ပိုးလိုးပက်လက် ဧက ၅၀ လောက် ရှိတယ်။ နောက်တခါ ကန်ဦးရပ်ကွက် လောင်တုန်းကလည်း ပြန်မပေးဘူး။ သူတို့ကိုလည်း အမှတ် ၁၇ ရပ်ကွက်ဘေး မြို့ပြင်မှာပဲ လယ်တွေသိမ်းပြီး နေရာပေးထုတ်ထားလိုက်တယ်။ မီးလောင်တိုင်း မြို့ပြင် ထုတ်ထုတ် ပစ်တယ်” ဟု သူက ဆက်ပြောသည်။

ယနေ့ မီးလောင်ရာသို့ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများလည်း ရောက်ရှိလာကြကြောင်းနှင့် မီးဘေးဒုက္ခသည်များသည် သူတု့၏ ရွှေငွေများကို မီးလောင်ပြင်မှ ပြန်လည်တူးဖော်ခွင့် ရလို့ရငြား စောင့်နေကြောင်း သိရသည်။

ပြီးခဲ့သည့် လအတွင်းကလည်း မြင်းခြံ အမှတ် ၂ ရဲစခန်းရှေ့ သစ်ဆိုင်တဆိုင် မီးလောင်ခဲ့သေးသည်။

Most read this week