နယူးဒေလီ (မဇ္ဈိမ)။ ။ ဥရောပသမဂ္ဂ လက်ရှိ ဥက္ကဋ္ဌက အတိုက်အခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် မြန်မာ စစ်အစိုးရကို တိုက်တွန်းလိုက်သည်။
ထို့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် နိုင်ငံရေးပါတီများအား ကန့်သတ် ချုပ်ချယ်ထားမှုများ ဖယ်ရှားပေးရန်လည်း တနင်္လာနေ့က ကြေညာချက်တရပ် ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးနှင့် ထိန်းသိမ်းထားသူများကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်၊ နိုင်ငံရေး ပါတီများအား ကန့်သတ် ချုပ်ချယ်ထားမှုများကို ဖယ်ရှားပေးရန်၊ အစိုးရ အာဏာပိုင်များနှင့် တိုင်းရင်းသားများ အပါအဝင် ဒီမိုကရေစီ အင်အားစုများအကြား အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ဥရောပသမဂ္ဂ (အီးယူ) ဥက္ကဋ္ဌက ပြင်းထန်စွာ တောင်းဆိုပါသည်” ဟု ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
၂ဝဝ၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ချက်သမ္မတနိုင်ငံက ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး၊ ၂ဝဝ၉ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဆွီဒင်နိုင်ငံသို့ လွှဲပြောင်းပေးမည်။
ချက်သည် မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံခဲ့သော နိုင်ငံဖြစ်ပြီး မကြာသေးမီကလည်း မြန်မာ ဒုက္ခသည်များကို နိုင်ငံတွင်း၌ လက်ခံခဲ့သည်။
ချက် သမ္မတဟောင်း ဗားကလပ်ဟာဗဲလ် (Vaclav Havel) သည် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး (Desmond Tu Tu) နှင့်အတူ ‘ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေခြင်း’ (Threat to Peace) ဆိုသည့် အစီရင်ခံစာ တစောင်ကို ပူးတွဲရေးသား၍ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက ထုတ်ဝေဖြန့်ချိခဲ့ကာ မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂ လုံခြံုရေးကောင်စီက ဆုံးဖြတ်ချက်တရပ် ချမှတ် အရေးယူပေးရန် တောင်းဆိုခဲ့သည်။
ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာဂမ်ဘာရီ ထုတ်ဖော်ပြောကြားခဲ့သည့် ‘နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်လျက်ရှိသော ပြဿနာများကို တိတိကျကျ၊ ခိုင်ခိုင်မာမာ ကိုင်တွယ်ဖြေရှင်းရန်’ မိမိ၏ ကတိကဝတ်ကို မြန်မာနိုင်ငံက ပြသရမည့်အချိန် ရောက်ပြီဟူသော အမြင်ကိုလည်း အီးယူ ဥက္ကဋ္ဌက သဘောတူသည်။
အီးယူသည် ၁၉၉၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအပေါ် ဘုံသဘောထားတရပ် ချမှတ် အရေးယူခဲ့ရာ စီးပွားရေး ပိတ်ဆို့မှုများ၊ လက်နက်တင်ပို့မှု တားမြစ် ကန့်သတ်မှုများ၊ မြန်မာ စစ်အရာရှိကြီးများနှင့် သူတို့၏ မိသားစုဝင်များအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်း စသည်တို့ ပါဝင်သည့် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခဲ့သည်။
ဤ ဘုံသဘောထား ရပ်တည်ချက်တွင် အီးယူ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းကိုလည်း တားမြစ် ပိတ်ပင်ထားသည်။
သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာစစ်အစိုးရက နှိမ်နင်းခဲ့အပြီး။ မြန်မာနိုင်ငံအပေါ် ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကို အီးယူက ပြုလုပ်ခဲ့သည်။
သို့သော် နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ပေါ်ပေါက်လာခဲ့သော လူသားချင်း စာနာမှု အကျပ်အတည်းကို တုံ့ပြန်ကူညီသည့်အနေနှင့် ယူရိုငွေ ၃၉ သန်း (အမေရိကန်ဒေါ်လာ သန်း ၅ဝ) တန်ဖိုးမျှရှိသည့် ကနဦး နာလန်ထူရေး စီမံကိန်းအတွက် အီးယူက မြန်မာနိုင်ငံကို ပေးအပ်ကူညီခဲ့သည်။
ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင် ဂျာမဏီနိုင်ငံ ပါလီမန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးရေးရာ ကော်မတီဝင်များ ဖြစ်ကြသော Jürgen Klimke နှင့် Hellmut Königshaus သည် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ သွားရောက်ကာ မြန်မာစစ်အစိုးရ၊ အာဆီယံနိုင်ငံများအသင်း၊ ကုလသမဂ္ဂတို့ ပူးပေါင်း ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) က လုပ်ကိုင်နေသည့် နာလန်ထူရေး စီမံကိန်းများကို လိုက်လံ စစ်ဆေးခဲ့သည်။
ဤခရီးစဉ်သည် အီးယူ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး၊ ပြီးခဲ့သောလက နော်ဝေနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး Erik Solheim နှင့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး Ulla Toernaes တို့သည် မြစ်ဝကျွန်းပေါ်သို့ သွားရောက်ကာ နာဂစ်လွန်ကာလ တုံ့ပြန်ဆောင်ရွက်မှုများ၏ တိုးတက်မှုကို စစ်ဆေးအကဲဖြတ်ရန်နှင့် နာလန်ထူရေးအတွက် အနာဂတ်တွင် လိုအပ်ချက်များကို သိရှိနိုင်ရန် စစ်ဆေးခဲ့သေးသည်။