ပြည်တွင် တိုးတိုး ကြက်ရောင်း

ပြည်တွင် တိုးတိုး ကြက်ရောင်း
ပြည်မြို့တွင် ကြက်လည်လိမ်ရောဂါ ဖြစ်ခဲ့သဖြင့် ကြက်သားနှင့် ကြက်ဥများ ရောင်းချခွင့် ဒေသအာဏာပိုင်များက ပိတ်ထားသော်လည်း အရောင်းအဝယ်များ ရှိနေဆဲ ဖြစ်သည်။ ပိတ်ပင်မှု နှစ်လနီးပါး ကြာလာသည့် ယခုအခါတွင် ကြက်သားနှင့် ကြက်ဥစျေးများ ထက်ဝက်ခန့် ကျ ...

ပြည် (မဇ္ဈိမ)။     ။ ပြည်မြို့တွင် ကြက်လည်လိမ်ရောဂါ ဖြစ်ခဲ့သဖြင့် ကြက်သားနှင့် ကြက်ဥများ ရောင်းချခွင့် ဒေသအာဏာပိုင်များက ပိတ်ထားသော်လည်း အရောင်းအဝယ်များ ရှိနေဆဲ ဖြစ်သည်။

ပိတ်ပင်မှု နှစ်လနီးပါး ကြာလာသည့် ယခုအခါတွင် ကြက်သားနှင့် ကြက်ဥစျေးများ ထက်ဝက်ခန့် ကျသွားပြီး တိုးတိုးတိတ်တိတ် အရောင်းအဝယ် စျေးကွက် ပေါ်ပေါက်နေခြင်း ဖြစ်သည်။

''စျေးထဲမှာ ပေါ်တင်ကြီး မရောင်းတော့ဘူး။ ဒါပေမဲ့ လိုချင်ရင် ၀ယ်လို့ရတယ်။ ၀ယ်ကြတာပဲ။ လက်လုပ်လက်စားတွေ ၀ယ်စားတယ်။ ခါတိုင်းက စျေးကြီးတော့ ၀ယ်စားမနိုင်ကြဘူး။ အခုဟာက ၁၀ သားမှ ၂၀၀ (ကျပ်) လောက်ပဲ စျေးရှိတာ။ အရင်က ၃၅၀/၄၀၀ လေ။ ကြက်ဥဆိုရင် ၈၀ ပဲ'' ဟု ဒေသခံတဦးက ပြောသည်။

မွေးမြူရေးသမားများမှာ ကြက်နှင့် ကြက်ဥကို နေပြည်တော်နှင့် ရန်ကုန်စျေးကွက်သို့ သိုသိုသိပ်သိပ် တင်ပို့နေသည်ကို တွေ့ရှိရပြီး၊ နေ့စဉ် အစာဖိုး ကာမိစေရန် လုပ်ဆောင်ရသည်ဟု မွေးမြူရေး အစာဆိုင်နှင့် ကြက်သားရောင်းသူ တချို့က တညီတညာတည်း ပြောသည်။

ရန်ကုန်တွင် ကြက်သားတပိဿာလျင် အနည်းဆုံး ၄ ထောင်ကျပ်စျေးပေါက်ပြီး ကြက်ဥတလုံးလျင် ၁၀၀ ကျပ်ခန့် ရောင်းလေ့ရှိသည်။

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး ရောဂါသည် မန္တလေးနှင့် စစ်ကိုင်းတွင် စတင်ဖြစ်ခဲ့ပြီး၊ ဒုတိယ တကျော့တွင် ပဲခူးနှင့် ရန်ကုန်၊ ယခုအကြိမ်တွင်မူ အပြင်းစား ကြက်လည်လိမ်ရောဂါသည် ပြည်မြို့တွင် စတင်ခဲ့သည်။  

ပြည်မြို့ မြို့သစ်ရှိ ကြက်ခြံများတွင် ကြက်၊ ငုံး ကောင်ရေ ၉၀၀၀ ထက်မနည်း သုတ်သင် ရှင်းလင်းပြီး ဖြစ်သည်။

မွေးမြူရေး အစာဆိုင် ၀န်ထမ်းတဦးက “အသားစားကြက်တော့ မကျန်ဘူး။ တခြံလုံး ရှင်းခိုင်းတာ။ အခု မြို့ထဲက တချို့ ဥစားကြက်ခြံတွေပဲ ကျန်တာ။ အခုဟာက မြို့တင်မကဘူး၊ ရွာတွေမှာပါ ကြက်ခြံတွေ လိုက်ရှင်းနေတာ။ ကြက် ၉၀၀၀ ရှင်းတယ်ဆိုတာက မြို့ထဲက ခြံတွေပဲ။ တောက ခြံတွေ မပါဘူး” ဟု ဆိုသည်။

ကြက်ရောဂါများ ဖြစ်နေချိန် ယခုလ ၂ ရက်နေ့က ရန်ကုန်အနီး ညောင်နှစ်ပင်အရပ်ရှိ MRC ကုမ္ပဏီပိုင် ကြက်ကောင်ရေ ၂၀၀၀၀ မွေးထားသည့် မွေးမြူရေးခြံ မီးလောင်ခဲ့ရာ တောမီးမှတဆင့် မီးကူးစက်ခဲ့သည်ဟု မွေးမြူရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။  

ယခုလ နောက်ဆုံးပတ်တွင် နေပြည်တော် ပျဉ်းမနားရှိ ကြက်မွေးမြူရေး ခြံများကို မြို့ပြင်ထုတ်ရန် မွေးမြူရေး လုပ်ငန်းက စီစဉ်နေပြီ ဖြစ်သည်။