ချင်းမိုင် (မဇ္ဈိမ)။ ။ အကျဉ်းသား ၆၃၁၃ ယောက်ကို စနေနေ့တွင် လွှတ်ပေးမည် ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့က ယနေ့ညနေတွင် ကြေညာလိုက်သည်။
နိုင်ငံရေး အကျဉ်းသားဟူ၍ မရှိပါဘူးဟု ငြင်းဆန်ထားခဲ့သည့် စစ်အစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ ပါ၀င်ခြင်း ရှိ၊ မရှိကို ထုံးစံအတိုင်း ထဲ့သွင်း ကြေညာခြင်း မရှိပါ။
ရန်ကုန်မြို့ နေရာအတော်များများတွင် လျှပ်စစ် မီးပြတ်တောက်နေသဖြင့် ယခုသတင်းကို နားထောင်လိုက်ရသူ နည်းပါးလျှက် ရှိသည်ဟုလည်း ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်က ပြောသည်။
ထိုစဉ်အတွင်း ထောင်ဒဏ်နှစ် ၂၀ ခွဲကျခံနေရသော ဘလောက်ဂါ ကိုနေဘုန်းလတ်ကို ယနေ့တွင် စစ်အစိုးရက ထောင်ဒဏ် ၈ နှစ်ခွဲ လျော့လိုက်ပြန်သည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် တောမတ် အိုဂျီ ကွင်တားနား မြန်မာနိုင်ငံသို့ ဒုတိယအခေါက် မလာမီလေးမှစ၍ နိုင်ငံရေး အကျဉ်းသားများ၏ ထောင်နှစ်ကို ပြန်လျော့မှု လုပ်ခံရသူ လေးယောက်မြောက် ဖြစ်သည်။
နာမည်ကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ၊ မကေသီအောင်၊ ကိုဝေမျိုးထူးတို့၏ ထောင်ဒဏ်များ လျော့ချခဲ့ပြီး ဖြစ်သည်။