ကုလကိုယ်စားလှယ်ရောက်ခိုက် ထောင်ကို အပြကောင်းအောင် လုပ်ထား

ကုလကိုယ်စားလှယ်ရောက်ခိုက် ထောင်ကို အပြကောင်းအောင် လုပ်ထား
by -
ဆော်လမွန်
မြန်မာပြည်ရှိ လူ့အခွင့်အရေး အခြေအနေများကို လေ့လာစစ်ဆေးရန် ဒုတိယအကြိမ် ရောက်လာသော ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူသည် ရန်ကုန်မြို့ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသား ၅ ဦးကို ယမန်နေ့က တွေ့ဆုံခဲ့ ...

နယူးဒေလီ (မဇ္ဈိမ) ။     ။ မြန်မာပြည်ရှိ လူ့အခွင့်အရေး အခြေအနေများကို လေ့လာစစ်ဆေးရန် ဒုတိယအကြိမ် ရောက်လာသော ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူသည် ရန်ကုန်မြို့ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသား ၅ ဦးကို ယမန်နေ့က တွေ့ဆုံခဲ့သည်။  

မစ္စတာ ကွင်တားနားကို အင်းစိန်ထောင်သို့ လုံခြံုရေး အစောင့်အကျပ်များ ခြံရံ၍ ခေါ်သွားခဲ့သလို၊ ထောင်ထဲနှင့် ထောင်အနီးတဝိုက်တွင် လုံခြံုရေးများ တင်းကျပ်စွာ ချထားရင်း အာဏာပိုင်များက သူ့ကို နိုင်ငံရေး အကျဉ်းသားများနှင့် ယခုလို တွေ့ဆုံခွင့်ပေးခဲ့ခြင်း ဖြစ်သည်။  

"နိုင်ငံရေး အကျဉ်းသား ၅ ယောက်နဲ့တော့ တွေ့တယ်။ ဒါပေမဲ့ ဘယ်သူတွေလဲဆိုတာတော့ မသိရသေးဘူး" ဟု အင်းစိန်ထောင်နှင့် နီးစပ်သူ သတင်းရပ်ကွက်တခုက ပြောသည်။  

သူသည် အင်းစိန်ထောင်ထဲသို့ ညနေ ၃ နာရီခွဲတွင် ဝင်ရောက်သွားခဲ့ပြီး ည ရ နာရီ မိနစ် ၂ဝ ခန့်တွင် အရှေ့ဘက်ဂိတ်ပေါက်မှ ပြန်လည် ထွက်ခွာလာသည်ကို တွေ့ရသည်ဟု အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။  

"(ဒေသ စံတော်ချိန်) ညနေ ၆ နာရီ ဆိုတာက အကျဉ်းသားတွေ ထမင်းစားချိန်လေ။ အကျဉ်းသားတွေကို ကျွေးတဲ့ အစားအသောက်တွေ အခြေအနေကို ကြည့်ရှု လေ့လာစစ်ဆေးဖို့ ဖြစ်မှာပေါ့" ဟု သတင်းရပ်ကွက်က ပြောသည်။  

သို့သော် ထောင်အာဏာပိုင်များက ကုလသံတမန် လာရောက်မည့်အတွက် အသေအချာ ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်ထားသဖြင့် ထောင်အခြေအနေကို အမြင်သက်သက်ဖြင့် ဆုံးဖြတ်မည်ဆိုလျှင် အရူးလုပ်ခံရနိုင်သည်ဟု သူက ဆိုသည်။  

ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူသည် တနင်္ဂနွေနေ့က စတင်၍ အကျဉ်းထောင်များကို လှည့်လည် စစ်ဆေးကတည်းက မြန်မာနိုင်ငံရှိ ထောင်အာဏာပိုင်များသည် အကျဉ်းခန်းများကို သန့်ရှင်းရေးလုပ်ခြင်း၊ ပိုမိုသန့်ရှင်းသော ထောင်အဝတ်အစားများ ထုတ်ပေးခြင်း၊ ပိုမို ကောင်းမွန်သော အစားအသောက်များ ကျွေးမွေးခြင်း စသည်တို့ဖြင့် အလုပ်များနေကြသည်ဟု သတင်းရပ်ကွက်များ အဆိုအရ သိရသည်။  

ထောင်ဝင်းအတွင်း သန့်ရှင်းရေးလုပ်ခြင်း၊ နံရံများကို ဆေးပြန်သုတ်ခြင်း၊ လုံခြံုရေးဝန်ထမ်းများနှင့် အကျဉ်းသားများကို ဝတ်စုံသစ်များ ထုတ်ပေးခြင်း စသည်တို့ကို လုပ်ခဲ့ကြောင်း သတင်းရပ်ကွက်က ပြောသည်။  

ပြီးခဲ့သည့် တနင်္ဂနွေနေ့က မစ္စတာ တောမတ် အိုဂျေ ကွင်တားနား (Tomas Ojea Quintana) သည် မြန်မာနိုင်ငံ အရှေ့ဘက် ကရင်ပြည်နယ်မြို့တော် ဘားအံရှိ အကျဉ်းထောင်သို့ သွားရောက်ခဲ့ပြီး၊ ဘလော့ဂ်ဂါ နေဘုန်းလတ် အပါအဝင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အနည်းဆုံး အကျဉ်းသား ၉ ဦးကို တွေ့ဆုံခဲ့သည်ဟု အကျဉ်းထောင် တာဝန်ရှိသူတဦးက တနင်္လာနေ့က မဇ္ဈိမကို ပြောသည်။

"မနေ့က သူ (ကွင်တားနား) လာပြီး ညနေ ၆ နာရီကနေ ရ နာရီခွဲလောက်အထိ တနာရီလောက် နေသွားတယ်" ဟု အဆိုပါ ထောင်တာဝန်ရှိသူက ပြောသည်။  

သို့သော် မည်သည့် အကျဉ်းသားများနှင့် တွေ့ခဲ့သည်ကို အသေးစိတ်ပြောရန် သူက ငြင်းဆန်ခဲ့ပြီး၊ "ဒီအကြောင်း ကျနော်တို့ ဘယ်သူမှ ပြောခွင့် မရှိပါဘူး။ ကျနော်တို့ သိလည်း မသိပါဘူး" ဟုသာ ဖြေကြားခဲ့သည်။  

သို့သော် စနေနေ့တွင် မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ်ရှိ ဘားအံ အကျဉ်းထောင်သို့ မိမိ၏ သားကို တွေ့ဆုံရန် သွားခဲ့သည့် ကိုနေဘုန်းလတ်၏ မိခင် ဒေါ်အေးအေးသန်းကမူ အာဏာပိုင်များက အကျဉ်းထောင်ကို သန့်ရှင်းရေး ပြုလုပ်နေပြီး၊ အကျဉ်းသား ဝတ်စုံအသစ်များ ထုတ်ပေးနေသည်ကို တွေ့ခဲ့ရကြောင်း ပြောသည်။  

"ကျမ ထောင်အာဏာပိုင်တွေ သန့်ရှင်းရေး လုပ်နေတာ၊ ဆေးအသစ် ပြန်သုတ်နေတာ တွေ့ခဲ့တယ်" ဟု သူက ပြောသည်။  

"ကျမသားကတော့ ကွင်တားနား ထောင်ကို လာမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူနဲ့ ကျမသား တွေ့မတွေ့တော့ သေချာမပြောနိုင်ဘူး" ဟု သူက ပြောဆိုသည်။  

ကိုနေဘုန်းလတ်သည် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလတွင် ဖမ်းဆီးခံခဲ့ရပြီး၊ ဗီဒီယိုဥပဒေ၊ အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲချက်တင်ကာ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလတွင် ထောင်ဒဏ် နှစ် ၂ဝ နှင့် ၆ လ အပြစ်ပေးခံခဲ့ရသည်။ သူသည် အသက် ၂၈ နှစ်ရှိပြီး ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလတွင်ပင် ရန်ကုန်မြို့ရှိ အင်းစိန်ထောင်မှ မြန်မာပြည်အရှေ့ပိုင်းရှိ ဝေးလံလှသော ဘားအံထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။  

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ အကျဉ်းထောင်တွင်လည်း နာမည်ကျော် လူရွှင်တော် ကိုဇာဂနာ အပါအဝင် အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၁ဝ ဦးရှိနေပြီး၊ လွန်ခဲ့သော လကတည်းကစ၍ ထောင်အာဏာပိုင်များက အစားအသောက်ကောင်းများ စတင်ကျွေးမွေးနေသည်ဟု သောကြာနေ့က အကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံခဲ့သူ နိုင်ငံရေးအကျဉ်းသားတဦး၏ ဆွေမျိုးတဦးက ပြောသည်။  

သူက "လွန်ခဲ့တဲ့လကစပြီး အကျဉ်းသားတွေကို ကျွေးတဲ့ ထမင်းဟင်းတွေက အတော်ပြောင်းလဲသွားတယ် ပြောတယ်။ အတော်ကောင်းလာတယ်တဲ့။ တချို့ဟင်းတွေဆို တခါမှတောင် မမြင်ဖူးတဲ့ ဟာတွေတဲ့" ဟု ပြောသည်။

သူမ၏ ဆွေမျိုးဖြစ်သူ ထိုအကျဉ်းသားက ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူ အကျဉ်းထောင်သို့ မကြာခင် လာရောက်မည်ကို အကျဉ်းသားများ သိရှိနေပြီး၊ ထိုသို့လာရောက်မည်ကို စိတ်အားထက်သန်စွာဖြင့် မျှော်နေကြကြောင်း သူမကို ပြောခဲ့သည်ဟု သိရသည်။  

ကုလသံတမန် လာရောက်မည်ကို ပြင်ဆင်သည့်အနေနှင့် အဝတ်အစားသစ်များ ထုတ်ပေးခြင်းဖြင့် အလုပ်ရှုပ်နေကြသည်ဟု ကိုဇာဂနာ၏ မိသားစုဝင်တဦးက မဇ္ဈိမသို့ အမည်မဖော်ပါရန် မေတ္တာရပ်ခံချက်ဖြင့် တနင်္လာနေ့က ပြောခဲ့သည်။  

မစ္စတာကွင်တားနား ထောင်သို့ လာမည်ဟု သူတို့ကို အသိပေး အကြောင်းကြားထားကြောင်း မြစ်ကြီးနားထောင် တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောကြားခဲ့ပြီး၊ "ဘယ်တော့ လာမယ်ဆိုတာတော့ ကျနော် မသိဘူးဗျ" ဟု သူက ဆိုသည်။

ကုလကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ်သည် ဤရာထူးတွင် ခန့်အပ်ခံရပြီးကတည်းက ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၉ ရက်ထိ ၆ ရက်ကြာမည်ဖြစ်ကာ ကရင်၊ ကချင်နှင့် ရခိုင်ပြည်နယ်များရှိ အကျဉ်းထောင်များသို့ သွားရောက်စစ်ဆေးမည် ဖြစ်သည်။  

မစ္စတာကွင်တားနားသည် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့် တောင်းခံထားသည်ဟု သတင်းရပ်ကွက်များက ပြောသည်။ သို့သော် သူမနှင့် တွေ့ဆုံခွင့်ရမည်၊ မရမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပါ။ ၂ဝဝ၈ ခုနှစ် သြဂုတ်လအတွင်း သူ ပထမအကြိမ် လာရောက်စဉ်က သူမနှင့် တွေ့ဆုံခွင့် မရခဲ့သောကြောင့် ယခုခရီးစဉ်တွင်လည်း မရေမရာဖြစ်နေခြင်း ဖြစ်သည်။  

Most read this week