သံဃာတော်တပါး ထောင်တွင်း ပျံလွန်တော်မူ

သံဃာတော်တပါး ထောင်တွင်း ပျံလွန်တော်မူ
by -
မြင့်မောင်
မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြရာတွင် ပါ၀င်သဖြင့် ထောင်ကျခံနေရသူ သက်တော် ၆၂ နှစ်ရှိ သံဃာတော် ဦးအာနန္ဒာသည် ပြီးခဲ့သည့်လအတွင်း ပျံလွန်တော်မူခဲ့သည်။ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် သစ္စာသရဖူ ကျောင်းတိုက်မှ ၀ါတော် ၄၀ ရှိ ဦးအာနန္ဒာ ...

နယူးဒေလီ (မဇ္စျိမ)။    ။ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြရာတွင် ပါ၀င်သဖြင့် ထောင်ကျခံနေရသူ သက်တော် ၆၂ နှစ်ရှိ သံဃာတော် ဦးအာနန္ဒာသည် ပြီးခဲ့သည့်လအတွင်း ပျံလွန်တော်မူခဲ့သည်။  

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် သစ္စာသရဖူ ကျောင်းတိုက်မှ ၀ါတော် ၄၀ ရှိ ဦးအာနန္ဒာ (ခ) ဦးအောင်ဇေယျမှာ ထောင်ဒဏ် ၄ နှစ်နှင့် ၃ လ ကျခံနေရစဉ် အင်းစိန်ထောင်တွင်း၌ပင် ပျံလွန်တော်မူခြင်းဖြစ်သည်။

"ထောင်အာဏာပိုင်တွေက မြောက်ဥက္ကလာ ရဲစခန်းကို အကြောင်းကြားတယ်။ ရဲစခန်းကနေ သံဃနာယက အဖွဲ့ကို အကြောင်းကြားတယ်။ သံဃနာယကအဖွဲ့ကနေ ဦးဇင်း ကျောင်းထိုင်ခဲ့တဲ့ သစ္စာသရဖူ ကျောင်းတိုက်ကို လာပြောလို့ သိရတယ်" ဟု ဆရာတော်၏ ဆွေမျိုးများနှင့် နီးစပ်သူတဦးက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP မှ အကျဉ်းသားမှတ်တမ်း ပြုစုရေးအဖွဲ့မှ ကိုမင်းမင်းကလည်း ဦးဇင်း ပျံလွန်တော်မူသွားသည်ကို အတည်ပြုပြောဆိုသည်။

"ကျနော်တို့ သိတာက ဒီဇင်ဘာလ ၂၂ ရက်နေ့ ၂၀၀၈ က။ သေဆုံးတယ်လို့ ကြားတယ်။ သူ့ကို အင်းစိန်ထောင်မှာ ချုပ်ထားရင်းနဲ့ သေဆုံးတာဖြစ်တယ်" ဟု ကိုမင်းမင်းက ပြောသည်။  ဦးအာနန္ဒာမှာ အကျဉ်းထောင်အတွင်း လေဖြတ်ဝေဒနာ ခံစားနေခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုလုပ် ဖြေရှင်းကြပါရန် ရန်ကုန်မြို့လမ်းမများပေါ်တွင် မေတ္တာသုတ်များ ရွတ်ဆို ပန်ကြားခဲ့ကြသူ သစ္စာသရဖူ ကျောင်းတိုက်မှ ဦးအာနန္ဒာ အပါအဝင် သံဃာတော်များ၊ သီလရှင်များ စုစုပေါင်း ၁၄ ပါးမှာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ရသည်။

အားလုံးကို သာသနာ ညှိုးနွမ်းစေမှု၊ ညစ်ညမ်းစာအုပ်ဖြန့်ဝေမှု အစရှိသည့် ပုဒ်မ ၃ ခုဖြင့် စွဲချက်တင်ကာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြောက်ဥက္ကလာမြို့နယ် တရားရုံးက ရှေ့နေငှားရမ်းခွင့်မပေးဘဲ ထောင်ဒဏ် ၄ နှစ်နှင့် ၃ လစီ ပြစ်ဒဏ်စီရင်ခဲ့သည်။

Most read this week