ကလေး ၂၉ ယောက် ကြက်ဆူစေ့စားသဖြင့် အဆိပ်သင့်

ကလေး ၂၉ ယောက် ကြက်ဆူစေ့စားသဖြင့် အဆိပ်သင့်
ရန်ကုန်တိုင်း သာကေတမြို့နယ်အတွင်းက မူလတန်းနှင့် အလယ်တန်းကျောင်းသား  ၂၉ ယေက်သည် ကြက်ဆူစေ့စားမိ၍ အစာအဆိပ်သင့်ခဲ့ကြောင်း မြို့နယ်ပညာရေးရုံးအဆိုအရ သိရ ...

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း သာကေတမြို့နယ်အတွင်းက မူလတန်းနှင့် အလယ်တန်းကျောင်းသား  ၂၉ ယေက်သည် ကြက်ဆူစေ့စားမိ၍ အစာအဆိပ်သင့်ခဲ့ကြောင်း မြို့နယ်ပညာရေးရုံးအဆိုအရ သိရသည်။  

အခြေခံပညာ မူလတန်းကျောင်း (အမက) အမှတ် ၄၁၊ ၂၂၊ အလယ်တန်းကျောင်း (အလက) အမှတ် ၁ နှင့် ရ တို့မှ ကျောင်းသားဦးရေ ၃ဝ ခန့်သည် ပြီးခဲ့သည်လ ၂၈ ရက်နေ့ ညနေ ကျောင်းဆင်းချိန်၌ ကျောင်းဝန်းအတွင်း စိုက်ပျိုးထားသော ကြက်ဆူခင်းမှ ကြက််ဆူသီးခြောက်များကို အစေ့ထုတ်၍ အဆံလေးများကို ဝေမျှစားသုံးရာမှ မူးဝေအော့အန်ခဲ့ခြင်း ဖြစ်သည်။   

"ကျောင်းသားတွေတော့ ၂၉ ယောက် ပါတယ်။ အပြင်ကလေးတွေလည်း ပါတယ််။ အမက ၄၁ ရယ်။ ၂၂ ရယ်။ အလက ရ ရယ်။ အမက ၄၁ က အများဆုံးပေါ့နော်။ သူတို့က ကျောင်းဆင်းချိန်မှာ စားကြတာ။ မူးတာ၊ အန်တာ ဒီလောက်ပါပဲ" ဟု သာကေတမြို့နယ် ပညာရေးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

ကျောင်းသားမိခင်တဦးက "ကလေးတွေက ၀မ်းလျှောနေတော့ ကျမတို့မေးတော့ ကြက်ဆူစေ့ စားထားတယ်တဲ့။ တလမ်းလုံးက ကလေးတွေ စားကြတာ။ ဆေးခန်းပြတော့မှ အိမ်တိုင်းက ကလေးတွေပါမှန်း သိတယ်။ ဆေးရုံရောက်တော့ ကလေးက သွေးပေါင်အတော်ကျနေပြီ၊ ၅၀-၃၀ ပဲ ရှိတယ်။ သာကေတမှာ ဒရစ်တလုံး သွင်းတယ်။ ရန်ကုန်ရောက်တော့ သုံးလုံးသွင်းတယ်။ အခုတော့ တော်တော်ကောင်းနေပြီ" ဟု ပြောသည်။  

ကြက်ဆူစေ့များသည် ဆိမ့်သောအရသာရှိပြီး စားနိုင်သည်ဟု ဆိုကြကာ ကလေးအချင်းချင်း ဝေမျှစားခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင် စားမိသူ ၄ တန်းကျောင်းသားလေးတဦးက ယခုလို ပြောသည်။  

"သားတို့ကို ၁ လမ်းက ကောင်တွေက လာကျွေးတာ။ စားကြည့်တော့ ဆိမ့်တယ်။ အဲ့ဒါနဲ့ပဲ သားလည်း ကျွတ်ကျွတ်အိပ် ယူသွားပြီး ခူးတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ဝေစားတယ်။ နောက်ပြီးတော့ မူးပြီးအန်တယ်" ဟု ပြောသည်။

ကလေးများမှာ ရပ်ကွက်ဆေးခန်းများနှင့် သာကေတဆေးရုံကြီးသို့ အပို့ခံရပြီးနောက် အခြေအနေ ပြင်းထန်သော ကလေး ၆ ဦးကို ရန်ကုန် ကလေးဆေးရုံသို့ ညတွင်းချင်း ပို့ပေးခဲ့ရသော်လည်း သာကေတဆေးရုံမှ ကလေးအများစုမှာ နောက်တရက်တွင် ကောင်းမွန်စွာပင် နေအိမ်သို့ ပြန်ရောက်လာကြသည်။   

"ကလေးတွေ အကုန်လုံး ပြန်ဆင်းလာပြီးတော့ အိမ်ကို ပြန်ရောက်လာကြပါပြီ။  အခြေအနေ ကောင်းပါတယ်။ ရန်ကုန် ဆေးရုံတက်နေတဲ့ ကလေးတွေကလည်း ပြန်ဆင်းလာပါပြီ။ မနေ့က တနင်္ဂနွေနေ့ကလည်း အခြေခံ ဦးစီးချုပ်က လိုက်ကြည့်တာ တော်တော် အခြေအနေကောင်းပါပြီ" ဟု ပညာရေးရုံးမှ တာဝန်ရှိသူက ပြောသည်။

ကြက်ဆူစေ့တွင် အဆိပ်ဖြစ်စေသော ဓာတ်နှစ်မျိုးပါ၀င်ပြီး စားမိပါက မူးဝေအော့အန်ခြင်း၊ ၀မ်းဗိုက် နာကျင်ခြင်း၊ သွေးပေါင်ကျခြင်းနှင့် အဆက်မပြတ် ၀မ်းသွားခြင်းကြောင့် အားအင်ကုန်ခမ်းရပြီး၊ ဆေးကုသမှုခံယူပါက ၄၈ နာရီအတွင်း ပုံမှန်အခြေအနေအတိုင်း ပြန်လည်ကောင်းမွန်ကြောင်း ရန်ကုန်မှ ထိပ်တန်း ဆရာဝန်တဦးက ဆိုသည်။  

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း အမက ၃၈ မှ ကျောင်းသား ၂ ဦးမှာ ကြက်ဆူစေ့ စားမိသဖြင့် အစာအဆိပ်သင့်ခဲ့ရာ နှစ်ရက်ကြာ ဆေးကုသခဲ့ရသေးသည်။   

၂၀၀၇ ခုနှစ်အတွင်း ကြက်ဆူစေ့စားမိ၍ အဆိပ်သင့်သူ ကလေး ၂၇ ဦးရှိခဲ့ပြီး၊ ၆၉ ရာခိုင်နှုန်းမှာ ကျောင်းနေအရွယ် ကလေးငယ်များတွင် အဖြစ်များခဲ့သည်။

လောင်စာဆီ ဖူလုံရေး စီမံကိန်းအရ ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ နိုင်ငံတဝှမ်းရှိ မြေဧက ရ သန်း၌ ကြက်ဆူပင်များ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

Most read this week