ဦးလင်းမြိုင်ခရီး အတိုက်အခံများ စိတ်ဝင်စားနေ

ဦးလင်းမြိုင်ခရီး အတိုက်အခံများ စိတ်ဝင်စားနေ
by -
ဇာနည်
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဟောင်း ဦးလင်းမြိုင် အမေရိကန်နိုင်ငံသို့ သွားရောက် လည်ပတ်နေခြင်းကို အတိုက်အခံ အင်အားစုများက စိတ်ဝင်တစား ရှိနေကြသည်။ သံတမန်ရေးရာ သဘောထား ပြေပြစ်သူဟု နာမည်ရခဲ့သူ ဦးလင်းမြိုင်၏ ခရီးစဉ်မှာ အမေရိကန် အစိုးရသစ် ...

ချင်းမိုင် (မဇ္ဈိမ)။     ။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဟောင်း ဦးလင်းမြိုင် အမေရိကန်နိုင်ငံသို့ သွားရောက် လည်ပတ်နေခြင်းကို အတိုက်အခံ အင်အားစုများက စိတ်ဝင်တစား ရှိနေကြသည်။

သံတမန်ရေးရာ သဘောထား ပြေပြစ်သူဟု နာမည်ရခဲ့သူ ဦးလင်းမြိုင်၏ ခရီးစဉ်မှာ အမေရိကန် အစိုးရသစ် အပြောင်းအလဲတွင် မြန်မာနိုင်ငံအပေါ် ထားရှိသော စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် စည်းရုံးရေးဆင်းခြင်း ဖြစ်နိုင်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသလို ကိုယ်ရေးကိုယ်တာ ကိစ္စသာ ဖြစ်နိုင်သည်ဆိုသော ယူဆချက်လည်း ရှိနေသည်။

တာဝန်ထမ်းဆောင်စဉ်ကာလက အမေရိကန်အစိုးရနှင့် သံတမန်ရေးရာ ပြေပြစ်စွာ ဆက်ဆံနိုင်ခဲ့သူတဦးဖြစ်၍ စစ်အစိုးရမှ ပြန်လည် အသုံးပြုခြင်း ဖြစ်နို်င်သည်ဟု အများက ထင်ကြေးပေး ပြောဆိုနေသည်။

သို့သော် အကယ်၍ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် ကြိုးပမ်းမည်ဆိုပါက ဦးလင်းမြိုင်အနေနှင့် လုပ်ကိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ကြသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက "ဒီလိုလုပ်ဖို့သာ သွားတာမှန်တယ်ဆိုရင် ဒီစီးပွားရေး ပိတ်ဆို့မှုတွေ ပြုတ်သွားရလောက်အောင်အထိတော့ သူလုပ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ အဲဒါက မြန်မာအစိုးရ အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက် လွှတ်ပေးမလဲ။ ဘယ်လောက်အထိ နိုင်ငံရေးအရ လျှော့ပေါ့မှုတွေ လိုက်လျောမှုတွေ လုပ်ပေးမလဲ ဆိုတာတွေပေါ်မှာ မူတည်လိမ့်မယ်" ဟု မဇ္ဈိမကို ပြောပြသည်။

ရေတပ်တွင် ၂၆ နှစ်ကြာ တာဝန်ထမ်းခဲ့သော ဗိုလ်မှူးတဦးဖြစ်သူ ဦးလင်းမြိုင်သည် အမေရိကန် အစိုးရနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး နှိမ်နင်းပပျောက်ရေးတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။  

၂၀၀၇ ခုနှစ် လူထူအုံကြွမှုအပြီး စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူများကို ဖိနှိပ်ဖမ်းဆီးမှုများ၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်မှုများကို တိုးမြှင့်ပြုလုပ်လာသည်နှင့်အတူ အမေရိကန်အစိုးရက မြန်မာထိပ်သီး စစ်ဗိုလ်ချုပ်များနှင့် သူတို့ကို ကျောထောက်နောက်ခံပြုနေသူ စီးပွားရေး လုပ်ငန်းရှင်များကို အရေးယူ ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်လာသည်။

အမေရိကန် ဘဏ္ဍာရေးဌာန၏ အဆိုအရ ပစ်မှတ်ထားသည့်စာရင်းတွင် "အဓိက နိုင်ငံပိုင်လုပ်ငန်းများ၊ စစ်အစိုးရ အကြီးတန်းအရာရှိများ၊ စစ်အစိုးရ၏ အပေါင်းသင်း ရောင်းရင်းများနှင့် သူတို့၏ စီးပွားရေးကွန်ယက်များ" ပါ၀င်ပြီး ယခုအချိန်တွင် လူ ၁၀၀ ခန့်သည် အရေးယူမှုအောက်တွင် အကျုံးဝင် သက်ရောက်နေသည်။

ရာထူးမှ ထုတ်ပယ်ခြင်းခံရသော ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် လက်ထက်တွင် စစ်အစိုးရက အမေရိကန်ရှိ DCI ဆိုသော အဖွဲ့ကို ဒေါ်လာ ၃ သိန်းကျော်ပေး ငှားရမ်းကာ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန်နှင့် စစ်အစိုးရကို အသိအမှတ်ပြုစေရေး ကြိုးပမ်းခဲ့သည်။

နောက်ပိုင်းတွင် DCI နှင့် လုပ်ဆောင်နေသည်များကို ရပ်ဆိုင်းလိုက်ပြီးနောက် ဦးလင်းမြိုင်သည် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် သာမက ကွန်ကရက်ထဲမှ အမတ်များကို ဆွယ်တရားဟောသူ (Lobbyist) တဦးကဲ့သို့ပါ ဖြစ်လာခဲ့သည်ဟု သံတမန် အသိုင်းအဝိုင်းက ပြောသည်။

ရင်းနှီးသော မိတ်ဆွေများ ပြောပြချက်အရ ဦးလင်းမြိုင်သည် သည်းခံစိတ်ရှိ၍ ပျော့ပြောင်းသော သဘောထားရှိသောကြောင့် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို သံတမန်ရေးရာ ကျွမ်းကျင်မှုဖြင့် အထိုက်အလျောက် ထိန်းထားနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

သူတာဝန် ထမ်းဆောင်စဉ်ကာလက ဗိုလ်ချုပ်ခင်ညွှန့်၏ ပေါ်လစီအရ အမေရိကန်ရောက် အတိုက်အခံများနှင့်လည်း ဆွေးနွေးတွေ့ဆုံမှုများ ပြုခဲ့သေးသည်။ ထိုသို့ဆွေးနွေးရာတွင် အတိုက်အခံများမှ မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများကို ၀ိုင်းဝန်းဆန့်ကျင်ပေးရေးတို့ကို စည်းရုံးခဲ့သည်။

သူသည် ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့် အာဏာဖြုတ်သိမ်းခံရပြီးချိန်တွင် အခြားသော မြန်မာသံအမတ်များနည်းတူ မြန်မာပြည်သို့ ပြန်လည် ခေါ်ဆောင်ခြင်းခံခဲ့ပြီးှ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် ပြန်လည် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ထိုမှ ၂ နှစ်အကြာတွင် တာဝန်မှ အနားယူခဲ့ပြီး လက်ရှိတွင် စစ်အစိုး ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သော ကုမ္ပဏီ တခုတွင် အကြံပေးအရာရှိ အဖြစ် အလုပ်လုပ်နေသည်။