နမ္မတူတွင် စစ်သားခွဲတမ်းချ

နမ္မတူတွင် စစ်သားခွဲတမ်းချ
by -
မျိုးကြီး
ရှမ်းပြည်နယ်အတွင်း စစ်သားစုဆောင်းမှုများ ရှိနေပြီး မလိုက်နိုင်ပါက တဦးအတွက် ကျပ်ငွေ ၅ သိန်းအထိ ကောက်ခံနေသည်ဟု ဒေသခံများ အပြောအရ သိရသည်။ ရှမ်းပြည်(မြောက်ပိုင်း) နမ္မတူမြို့နယ်အတွင်း ကျေးရွာအုပ်စုများတွင် အရှေ့မြောက်ပိုင်းတိုင်း ...

ရွှေလီ (မဇ္ဈိမ) ။     ။ ရှမ်းပြည်နယ်အတွင်း စစ်သားစုဆောင်းမှုများ ရှိနေပြီး မလိုက်နိုင်ပါက တဦးအတွက် ကျပ်ငွေ ၅ သိန်းအထိ ကောက်ခံနေသည်ဟု ဒေသခံများ အပြောအရ သိရသည်။

ရှမ်းပြည်(မြောက်ပိုင်း) နမ္မတူမြို့နယ်အတွင်း ကျေးရွာအုပ်စုများတွင် အရှေ့မြောက်ပိုင်းတိုင်း လက်အောက်ခံတပ်မှ တကြိမ်လျင် တပ်သားသစ် (၂)ဦးနူန်း ကောက်ခံနေကြောင်းနှင့် လိုက်မည့်သူ မရှိပါက တယောက်အတွက် ငွေကျပ် (၅)သိန်း အစားထိုးပေးရသည်။

"မြို့ပေါ်ရပ်ကွက်တွေရော ကျေးရွာအုပ်စုတွေရော အားလုံးပဲ ဒီလိုထည့်နေရတာ တနှစ်ကို ၂ ကြိမ်ပေါ့။ …သူတို့ လာချင်တဲ့ အချိန်လာတာပဲ လူမလိုက်နိုင်ရင် တယောက် ၅ သိန်း ရွာထဲမှာရှိတဲ့ အိမ်တွေ ခွဲတမ်းချပြီး ပေးရတာပေါ့ " ဟု ပြောသည်။

"အခုက ဘယ်သူမှစစ်ထဲ လိုက်ချင်တဲ့သူ မရှိပါဘူး။ ငွေပဲ ထည့်ကြတယ်" သူက ပြောသည်။

၂၀၀၄ ခုနှစ်မှ နမ္မတူတွင် စတင်စုဆောင်းရာတွင် အသက် ၁၈ နှစ်ထက် ငယ်သူများပင် ပါ၀င်နေသည်ဟု ဆိုသည်။

"တချို့ဆို ရွာလူကြီး ကိုယ်တိုင် ကလေးတွေကို ခေါ်ယူပြီးတော့ သွားပို့ရတယ်။ သွားမပို့ဘူးဆိုရင် အဲဒီရွာလူကြီးကို ရာထူးချတာတို့၊ နောက် ပိုက်ဆံ ၄၊ ၅ သောင်း ပေးရတယ်" နမ္မတူမြို့နယ်ရှိ အခြား ဒေသခံတဦးက ပြောသည်။

နမ္မတူမြို့တွင် ခမရ ၃၂၄ တပ်ရင်း အခြေစိုက်ထားပြီး ငြိမ်းချမ်းရေး ရယူထားသည့် ကချင်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော ကချင်ကာကွယ်ရေး တပ်မတော်(KDA) ထိန်းချုပ်ရာ နယ်မြေ ဖြစ်သည်။

အသက်ငယ်သည့် စစ်သားများအား တပ်တွင်းပညာရေး ကျောင်းများတွင် ပညာသင်ကြားစေကာ မြင်း၊ နွား စသည့် တိရိစ္ဆာန် ထိန်းကျောင်းရသည့် အလုပ်များ ခိုင်းစေသည်။

Most read this week