ရွှေပေါ်ကျွန်း ကျောင်းထိုင်ဆရာတော် ရိုက်နှက်မှုဖြင့် တရားစွဲခံရ

ရွှေပေါ်ကျွန်း ကျောင်းထိုင်ဆရာတော် ရိုက်နှက်မှုဖြင့် တရားစွဲခံရ
by -
ကိုဝိုင်း
နာမည်ကျော် ရွှေပေါ်ကျွှန်း စေတော်ဝင် သာသနာပြုစခန်းအတွင်း ကျောင်းထိုင်ဆရာတော် ဦးကုမာရသည် အမျိုးသမီးတဦးအား ရိုက်နှက်မှုဖြင့် မိထ္ထီလာမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ နာမည်ကျော် ရွှေပေါ်ကျွှန်း စေတော်ဝင် သာသနာပြုစခန်းအတွင်း ကျောင်းထိုင်ဆရာတော် ဦးကုမာရသည် အမျိုးသမီးတဦးအား ရိုက်နှက်မှုဖြင့် မိထ္ထီလာမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

မန္တလေးတိုင်း မိထ္ထီလာခရိုင်ရှိ ရွှေပေါ်ကျွှန်း စေတော်ဝင်စခန်းအတွင်း၌ နေထိုင်သူ ဝေယျာဝစ္စအဖွဲ့ဝင် မနွယ်နွယ်ဝင်းဆိုသူအား ဆရာတော်က အုပ်စုဖြင့် ဝိုင်းရိုက်ကြောင်း စွပ်စွဲခံထားရပြီး ယခုလ (၂၁) ရက်နေ့က မိထ္ထီလာမြို့နယ် တရားရုံးတွင် ဆရာတော် ဦးကုမာရကိုယ်တိုင် စစ်ဆေးခံခဲ့ကြောင်း စေတော်ဝင်စခန်း ဂေါပကဥက္ကဌဟောင်း ဦးသာဒင်က မဇ္စျိမကို ပြောသည်။

ဦးသာဒင်က " မနွယ်ကိုရိုက်တဲ့အမှုက အခုလ (၂၁) ရက်နေ့က မိထ္ထီလာမြို့နယ်ရုံး တရားသူကြီး ဦးခင်မောင်မောင်ရဲ့ရုံးမှာ စစ်သွားပြီ။ ဦးကုမာရက (၁၈) ကြိမ်လောက် ချိန်းခဲ့တာကို လုံးဝမလာခဲ့တာ။ နှောကန်ရဲစခန်းကို စပြီး အဆင့်ဆင့် အမှုတင်တာ။ ခုဆို သုံးနှစ်ရှိပြီ" ဟုပြောသည်။

မလှိုင်မြို့နယ်၊ ရေငန်ကျေးရွာအုပ်စုအတွင်းမှ ရွှေပေါ်ကျွှန်းရွာ စေတော်ဝင်စခန်းအား တည်ထောင်ခဲ့သူ မူလ ဆရာတော် ဦးဇေယျသိန္ဓိဓမ္မ ဉာဏိက ပျံလွန်တော်မူပြီးနောက် လက်ရှိ ဆရာတော် ဦးကုမာရအား မန္တလေးတိုင်း သံဃာနာယက ခန့်အပ်ခဲ့သည်။

ကျောင်းဝန်းအတွင်း၌ ကျောင်းတိုက် အလုံး (၃၀၀) ကျော်၊ ဝေယျာဝစ္စသုံးရန် ကား (၃၀) စင်း ရှိပြီး ဝေယျာဝစ္စလုပ် ကိုင်သူနှင့် ဧည့်သည် (၁,၀၀၀) ကျော်အား နေ့စဉ်ကျွှေးမွေးနေသည်။

အမှုနှင်ပတ်သက်၍ ဆရာတော်ဦးကုမာရနှင့် ရဲစခန်းတို့ထံ ကြိုးစားဆက်သွယ်ခဲ့သော်လည်း ယခုအချိန်အထိ ဆက်သွယ်၍ မရနိုင်ဘဲရှိသည်။

ထို့အပြင် အဆိုပါ စေတော်ဝင်ကျောင်းအတွင်း၌ လူသေမှု၊ ရှေးဟောင်းဘုရားခိုးမှုများလည်းဖြစ်ပွားခဲ့ဖူးပြီး တရားခံများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ခိုးမှုအတွက် တရားလိုအဖြစ် လိုုက်ပါဆောင်ရွက်နေသူ ဦးတေဇနိက (လူအမည် ဦးတင့်ဆွေ) ကမိန့်သည်။

"ဖောက်ထွင်းခိုးမှုနဲ့ တရားစွဲထားတယ်။ ဦးဇင်းအဆောင်က ရွှေပေါ်ကျွှန်းဝန်းအတွင်းမှာရှိတယ်လေ။ ဇီးကုန်းကျောင်း ဆောင်လို့ခေါ်တယ်။ အဲဒါ ဦးဇင်းမရှိတဲ့အချိန်မှာ ဦးဇင်းခြံစည်းရိုးကို ဖျက်တယ်။ တံခါးတွေကို ရိုက်ဖွင့်ပြီး ပစ္စည်း (၂၈) သိန်းကျော်ပါသွားတယ်။ ပစ္စည်းတွေက ဘုန်းကြီး လူ့ဘဝတုန်းကရှိခဲ့ပစ္စည်းတွေ။ hand change တို့၊ ဆွဲကြိုး၊ နဝရတ် လက်စွပ်၊ ဒီဂျီတယ်ကင်မရာတွေပါတယ်" ဟုမိန့်ကြားသည်။

စခန်းအတွင်း ဖြစ်ပွားခဲ့သော ဆွဲကြိုးချ လူသေမှုတခုလည်း ၂၀၀၇ ခုနှစ်နှောင်းပိုင်းက ဖြစ်ပွားခဲ့ဖူးသေးသည်။ သေဆုံးသူမှာ ဦးကျော်မြင့်ဆိုသူဖြစ်ပြီး ဝေယျာဝစ္စလုပ်ကိုင်သူဖြစ်သည်။

ရှေးဟောင်းဘုရားပစ္စည်းများ ခိုးရာတွင် ကိုယ်တိုင်ပါ၀င်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် သေဆုံးခြငး်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဦးကျော်မြင့်၏ အလောင်းသည် မျက်လုံးပြူးခြင်း၊ လျှာထွက်ခြင်းမရှိသည့်အပြင် ခြေထောက်သည်လည်း မြေကြီးနှင့်ထိနေပြီး ဒူးကွေးနေကြောင်း၊ ကြိုးဆွဲချသည့်ကြိုးက အင်ဂျင်ဝိုင် ဆီများပေနေသော်လည်း သေဆုံးသူ၏ လက်တွင် မည်သည့်ဆီမျှပေးနေခြင်းမရှိကြောင်း အလောင်းကို တွေ့ခဲ့ရသူ မျက်မြင်သက်သေတဦးက ပြောသည်။

Most read this week