ဝ ပြည်သွေးစည်းရေးကို ပါတီအဖြစ်ပြောင်းရေး စစ်အစိုးရ စည်းရုံးပြန်

ဝ ပြည်သွေးစည်းရေးကို ပါတီအဖြစ်ပြောင်းရေး စစ်အစိုးရ စည်းရုံးပြန်
by -
သန်းထိုက်ဦး
ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန်နှင့် တပ်ကို ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကြိုးစားသည့်အနေဖြင့် ရွှေတြိဂံတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းသည် ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ခေါင်းဆောင်များနှင့် ဆွေးနွေးမှု ပြုနေသည်ဟု စောင့်ကြည့် လေ့လာသူများက တညီတညွတ်တည်း ပြောလိုက် ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန်နှင့် တပ်ကို ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကြိုးစားသည့်အနေဖြင့် ရွှေတြိဂံတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းသည် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ခေါင်းဆောင်များနှင့် ဆွေးနွေးမှုပြုနေသည်ဟု စောင့်ကြည့်လေ့လာသူများက တညီတညွတ်တည်း ပြောလိုက်ကြသည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော အင်အားတောင့်တင်းလှသည့် ၀ အဖွဲ့က လက်နက်စွန့်ရန် ငြင်းဆန်နေ၍ ခေါင်းကိုက်နေရသည့် နအဖခေါင်းဆောင်များ အနေဖြင့် တလအတွင်း ဒုတိယအကြိမ်မြောက် စည်းရုံးနေခြင်းဖြစ်သည်။

"ပါတီထောင်ခိုင်းပါတယ်။ နိုင်ငံရေးပါတီပေါ့နော်။ နောက်ပြီးတော့ လက်နက်ကိုင်တပ်တွေကိုလည်း ပြည်သူ့စစ် အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ဆိုပြီးတော့ ကာကွယ်ရေးတပ်မတော်ရဲ့ လက်အောက်မှာဝင်ပြီး နေထိုင်ဖို့ သွားစည်းရုံးပါတယ်လို့ ကျနော်တို့ သတင်းရရှိပါတယ်" ဟု ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) - SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက မဇ္ဈိမကို ပြောသည်။  

သို့သော် UWSA မှ မည်သည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

အမည်မဖော်လိုသူ ပြည်သူ့စစ်ခေါင်းဆောင်တဦးက " ၀'တပ်ဖွဲ့ကို လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဖို့ အစိုးရထံ လက်နက်ချဖို့ပေါ့နော်။ အေးဆေးနေဖို့၊ နောက် ၀'တပ်ဖွဲ့ကလည်း လက်နက်မချဘူး ငြင်းနေတော့၊ သူတို့ကြားမှာ သိပ်မပြေလည်ဘူးလေ။ အဲဒါကြောင့် သွားပြီးတော့ ဆွေးနွေးတဲ့အပိုင်းလည်း ပါတယ်လို့ အဲဒီလို သိရတယ်" ဟု ပြောသည်။   

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၆-၂၇ ရက်နေ့များတွင် ရှမ်းပြည်နယ် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကျော်ဖြိုးက ၀'တပ်မဟာ ၄၁၇ နှင့် ၀' တောင်ပိုင်းဒေသ အုပ်ချုပ်ရေးအတွင်း ပါ၀င်သည့် မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်များကို အခြေခံသည့် အမှတ် ၁၇၁ ၀'  စစ်ဒေသအတွင်းမှ စစ်ရေးနှင့် အုပ်ချုပ်ရေး အရာရှိများကို ကျိုင်းတုံသို့ ခေါ်ယူတွေ့ဆုံခဲ့သေးသည်။   

အဆိုပါ တွေ့ဆုံပွဲတွင် ၀' တပ်ဖွဲ့များ အသွင်ပြောင်းလဲရေး အပါအဝင် အခြေခံ ဥပဒေသစ်နှင့်အညီ အပြောင်းအလဲများလုပ်ရန် ပြောခဲ့ပြီးနောက်၊ တလမပြည့်သေးခင် ဒုတိယမြောက် လာတွေ့ခြင်းပင်ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု - NDD မှ စစ်ရေးလေ့လာသူ ဦးဌေးအောင်က ''၀'တပ်ဖွဲ့ဟာ နအဖနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့မှာ အင်အားကြီးမားတဲ့ အဖွဲ့တဖွဲ့ ဖြစ်တဲ့အတွက် တစုံတရာ အပေးအယူ လုပ်နေတယ်လို့ ကျနော် ထင်တယ်'' ဟု ပြောသည်။    

"၀'က အပစ်ခတ်ရပ်စဲရေးအဖွဲ့ ၁၇ ဖွဲ့အနက် အင်အား အတောင့်တင်းဆုံးနဲ့ တရုတ်နယ်ကို ကျောပေးထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်တယ်ဆိုတော့ ၀'အဖွဲ့နဲ့ သူတို့ ထိပ်တိုက်ရင်ဆိုင်ဖြစ်တာနဲ့  တပြိုင်နက်ထဲ တခြားအဖွဲ့တွေကိုလည်း ထိန်းနိုင်ဖို့ ခဲယှဉ်းသွားမယ်။ သူတို့အနေနဲ့ ထိပ်တိုက် ရင်ဆိုင်မယ့် အဆင့်မျိုး ကြီးကြီးမားမားဖြစ်ချင်လို့ မရဘူး။ ဒါကြောင့်မို့လို့ တတ်နိုင်သလောက် သူတို့ သွားညှိနှိုင်းပြီး စည်းရုံးနေတယ်၊ အပေးအယူ လုပ်နေတယ်လို့ပဲ ကျနော် ထင်ပါတယ်" ဟု ပြောသည်။

Most read this week