လက်နက်ကြီးရန်ကြောင့် ဖားအံနှင့် ကမမောင်း အစပ်ကြားရှိ ဒေသခံများ ‌ကျောက်ဂူထဲ ပြောင်းရွှေ့နေထိုင်ရ

လက်နက်ကြီးရန်ကြောင့် ဖားအံနှင့် ကမမောင်း အစပ်ကြားရှိ ဒေသခံများ ‌ကျောက်ဂူထဲ ပြောင်းရွှေ့နေထိုင်ရ

စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် နီးစပ်ရာ ကျောက်ဂူများထဲသို့ ပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံရွာသားအချို့။

ကရင်အမျိုးသားအစည်းအရုံး - KNU၊ ဖားအံခရိုင်နှင့် သထုံခရိုင်အကြားရှိ ကျုံမသွယ်ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းရွာအပါအဝင် အနီးအနားဝန်းကျင် ကျေးရွာများထဲသို့ ဖေဖော်ဝါရီလ ၁၄ ရက်မှစပြီး စစ်ကောင်စီတပ်မှ အမြောက်လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ဒေသခံရွာသားများ နီးစပ်ရာ ကျောက်ဂူထဲသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်ဟု သိရသည်။

ဖားအံမြို့အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်ရင်းမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက် ညအချိန်တွင် ပစ်ခတ်လိုက်သော အမြောက်လက်နက်ကြီးများကြောင့် ဖားအံမြို့ သံလွင်မြစ်တစ်ဖက်ကမ်းမှ တပ်မဟာ (၁) နယ်မြေရှိ ဘန့်ဘွေကုန်း၊ တောသလေးခို၊ ရွှေလူး၊ သစ်ဝါး၊ ဝါးပိုးနှင့် ကရေ့ကျဲ စသည့် ဒေသခံရွာသားအများစုက ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဘန့်ဘွေးကုန်းရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက “အဲ့ညတုန်းက ပစ်လိုက်တဲ့ လက်နက်ကြီးတွေက အဲဒီဘက်ရွာကို ဦးတည်တဲ့အခါကျတော့ ရွာသားတွေက ရှောင်ပြီး ဘန့်ဘွေကုန်းဂူထဲမှာ သွားနေကြတယ်။ လေယာဥ်ပါထပ်လာရင် ကျမတို့လည်း အဲ့မှာပဲ သွားနေဖို့ရှိတယ်။ လောဆယ် ဂူထဲမှာ ရွာ ၃ ရွာက လူတွေနဲ့တောင် ပြည့်နေပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်နက်ကြီးရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒေသခံများအနေဖြင့် အခြေအနေ တည်ငြိမ်သည့် ယခုရက်ပိုင်းတွင် နေ့ဘက်မှာ လယ်ယာအလုပ် ပြန်လည်လုပ်ကိုင်ကြပြီး ညဘက်တွင် ခိုလှုံရာဂူနေရာသို့ ပြန်လည်နေထိုင်နေကြရကြောင်း အဆိုပါ ဒေသခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။

ထို့အတူ စစ်ကောင်စီသည် ထိုဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ပင် ကမမောင်းမြို့ပေါ်ရှိ ၎င်းတို့၏ ဗျူဟာစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်မည့်သတင်း ထွက်ပေါ်မှုကြောင့် ကမမောင်းမြို့အနီးရှိ ဖားဘောင်ရွာနှင့် မိဇိုင်းတောင်ခြေတဝိုက်ကို လက်နက်ကြီးအပြင် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကမမောင်းမြို့နှင့် နီးစပ်သည့် ဖားဘောင်၊ ကပ်ကျော် စသည့် ကျေးရွာမှ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ရွာသူရွာသားတွေလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု မြို့ခံများက ပြောသည်။

“လောလောဆယ် ကမမောင်းဘက်မှာလည်း ပြောင်းတဲ့လူက ပြောင်းနေကြပြီး။ ပစ္စည်းတွေကို ကားနဲ့သယ်နေကြတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိပြီ။ အိမ်ပြောင်းရတော့ တော်ရုံသယ်လို့လည်း မကုန်ဘူးလေ” ဟု မြို့ပေါ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုအတွက်ကြောင့် မြို့ပေါ်နှင့် ကျေးရွာများမှ ဒေသခံများသည် သံလွင်မြစ် တစ်ဖက်ကမ်းရှိ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူးဒေသဆီသို့ သွားရောက်တိမ်းရှောင်သူတချို့ရှိသလို ဖားအံမြို့အတွင်းသို့ တိမ်းရှောင်လာကြသူများလည်းရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင်လည်း KNU ထိန်းချုပ်ရာနယ်မြေ ဒူးသထူ (သထုံ) ခရိုင်/တပ်မဟာ (၁)၊ ဘီးလင်းမြို့နယ်ရှိ ကော်ဟဲကျေးရွာသို့ စစ်ကောင်စီ၏ အလားတူ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

Most read this week

April 18, 2025
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ဂျိုင်းမြစ်တစ်ဘက်ကမ်း ကမ်းနီရွာနှင့် သရက်တောရွာသို့ ယမန်နေ့ နှစ်ဆန်း...
April 11, 2025
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း ရစ်ခ်တာစကေး ၆ နှင့်အထက် လှုပ်ခတ်ခဲ့ဖူးတဲ့ မြေငလျင်ကြီး ၁၈...
April 11, 2025
တနင်္သာရီတိုင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာ၊ ဒေသတဝိုက်တွင် စစ်ကောင်စီက...
April 9, 2025
စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့ထိ ယာယီ အပစ်ရပ်ထားမည်ဟု ပြောဆိုထားသော်လည်း ကော့ကရိတ်မြို့နယ်၊...