ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၈ ဦးထက်မနည်း သေဆုံး

ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၈ ဦးထက်မနည်း သေဆုံး

ပုံစာ - ကျောက်တော်မြို့ပေါ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီက ဗုံး ၁၅ လုံးခန့် ကြဲချခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ဈေးအတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ကနဦး စုံစမ်းသိရှိရသည်။

ကျောက်တော်မြို့ပေါ်ရှိ လူနေထူထပ်သော နေရာများကို ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သုံးကြိမ်အတွင်း ဗုံးအရေအတွက် (၁၅) လုံးခန့် ကြဲချခဲ့သည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

ကျောက်တော်ဒေသခံတစ်ဦးက “လေယာဉ်က ဗုံးကြဲချတာ တစ်ကြိမ်တည်းမဟုတ်ဘူး။ အကြိမ်ကြိမ်လာကြဲတာ၊ ဘယ်နှစ်လုံးမှန်းတောင် ခန့်မှန်းလို့မရဘူး။ မြို့ထဲက နေရာတော်တော်များများမှာ ကျတယ်။ သေတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေဆိုလည်း များတယ်လို့ကြားတယ်၊ နေရာများတော့ ဘယ်နှစ်ယောက်ဆိုတာ ပြောဖို့ခက်တယ်” ဟု ပြောသည်။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေရာတွင် ၅ ဦး သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ၃ ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။

ကလေးသူငယ်၊ အမျိုးသမီးများအပါအဝင် ဒဏ်ရာရရှိသူ ၂၇ ဦးခန့်ရှိပြီး ယင်းအထဲတွင် ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်း ပါဝင်ကြောင်းနှင့် သေဆုံးဒဏ်ရာရရှိသူ အရေအတွက်မှာ ယခုထက် ပိုများနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူများမှာ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာများဖြစ်ကြပြီး ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုရှိကြောင်းလည်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

“မနက်စောစောဆိုတော့ လူတွေ ဈေးရောင်း၊ ဈေးဝယ်နဲ့ အသွားအလာများကြတယ်လေ။ ဒီလို လူနေရပ်ကွက်တွေကို ဗုံးကြဲချတာက ပြည်သူတွေကိုသတ်ဖို့အတွက် သက်သက်လုပ်တာ” ဟု နောက်ထပ် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၈ ရက်နေ့ကလည်း ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂၆ ခန့်သေဆုံးပြီး ၂၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများလည်းရှိကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

Most read this week

ရွှေတြိဂံဒေသ လာအိုနိုင်ငံ ကာစီနိုမြို့အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့။
January 9, 2025
ရွှေတြိဂံနယ်မြေ ကာစီနိုမြို့ဟု လူသိများသည့် လာအိုနယ်စပ်တွင် မြန်မာအလုပ်သမား အများအပြား...
ရခိုင်ပြည်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေမှုကြောင့် ဆိုရှယ်မီဒီယာများ အသုံးပြု၍ မရပုံအား တွေ့ရစဉ်။
January 8, 2025
မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားမှု လျော့ပါးစေရေးအတွက်...
မောင်တော်မြို့လယ်လမ်းဆုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
January 8, 2025
ရခိုင်ပြည်၊ နယ်စပ်မြို့ မောင်တောမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် မြို့ခံများအား...
ကျောက်ပန္ဒူ - စေတီပြင် မေယုတောင်ကျော်လမ်း တစ်နေရာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလကတွေ့ရစဉ်။
January 7, 2025
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကြောင့် မောင်တော၊ ဘူးသီးတောင်၊...