အုန်းဖန်မြို့ ဗုံးပေါက်ကွဲမှုကို ပဒိုစောတောနီး ခိုင်းစေခဲ့ကြောင်း သတင်းအမှား ပျံ့နှံ့နေ

အုန်းဖန်မြို့ ဗုံးပေါက်ကွဲမှုကို ပဒိုစောတောနီး ခိုင်းစေခဲ့ကြောင်း သတင်းအမှား ပျံ့နှံ့နေ

ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင် အုန်းဖန်မြို့လယ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအား ကရင်အမျိုးသားအစည်းအရုံး - KNU ပြောခွင့်ရ ပဒိုစောတောနီးမှ စေခိုင်းခဲ့ကြောင်း ထိုင်းနိုင်ငံသားများက ပြောဆိုနေသည်ဟူ၍ တယ်လီဂရမ်ချန်နယ်တွင် သတင်းအမှား ပျံ့နှံ့လျက်ရှိသည်။

ထိုသတင်းကို Subscribe ပြုလုပ်သူ တစ်သောင်းလေးထောင်ကျော်ရှိပြီး KNU နှင့်သက်ဆိုင်သည့် သတင်းအများစုကို အသားပေးဖော်ပြလေ့ရှိသည့် Saw Ba Maung တယ်လီဂရမ်ချန်နယ်မှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီ ၄၁ မိနစ်က ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး သတင်းဖတ်ရှုသူ ၂ ထောင်ကျော် ရှိထားသည်။

၎င်းသတင်းလင့်ခ်ကို ဖော်ပြပါ (https://archive.ph/O5Ucs) တွင် ကြည့်ရှုနိုင်သည်။

အလားတူ ဒီဇင်ဘာလ ၁၄ ရက် ည ၉ နာရီ ၁၃ မိနစ်အချိန်တွင်လည်း စစ်တပ်ဝါဒဖြန့် နာမည်ကြီး ချန်နယ်များဖြစ်သည့် Ko Thet တယ်လီဂရမ်နှင့် တစ်တော့စာမျက်နှာတွင် “အုန်းဖန်ကိစ္စ စောတောနီး လက်ချက်လို့ သတင်းများထွက်ပေါ်” ဟူ၍ ရေးသားဖြန့်ဝေထားသည်။  Subscribe ပြုလုပ်သူ ၃ ထောင်ကျော်ရှိ စစ်နေဝန်း တယ်လီဂရမ်ချန်နယ်မှလည်း ထိုအရေးအသားကို ကိုးကား၍ ထပ်ဆင့်ဖြန့်ဝေထားသည်ကို တွေ့ရသည်။

Ko Thet တယ်လီဂရမ်နှင့်တစ်တော့မှ ဖြန့်ဝေနေသော သတင်းလင့်ခ် (https://archive.ph/lKyxy)

စစ်နေဝန်း တယ်လီဂရမ်တွင် ပျံ့နှံ့နေသည့်သတင်းလင့်ခ် (https://archive.ph/ZR5ee)

ဒီဇင်ဘာလ (၁၃) ရက်နေ့က ဖြစ်ပွားခဲ့သည့် အုန်းဖန်မြို့လယ်ရှိ ရိုးရာအကပွဲတော်ပြု လုပ်နေသည့်ပွဲတော်အတွင်း လူထိခိုက်သေဆုံးမှုရှိခဲ့သည့် ဗုံးပေါက်ကွဲမှုအား KNU အဖွဲ့မှ ပဒိုစောတောနီးက ခိုင်းစေခဲ့ကြောင်း ထိုင်းနိုင်ငံသားများကြား သတင်းထွက်ပေါ်နေသည်ဆိုခြင်းအား ကရင်သတင်းဌာန - ကေအိုင်စီ အချက်အလက်စစ်ဆေးသည့် အဖွဲ့က စိစစ်ချက်အရ သတင်းအမှားဖြစ်ကြောင်း သိရသည်။

သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်

Saw Ba Maung တယ်လီဂရမ်ချန်နယ်က “ထိုင်းနိုင်ငံ အုန်းဖန်ပွဲကို ဗုံးခွဲဖိုအတွက် စေခိုင်းခဲ့သူမှာ KNU အဖွဲမှ စောတောနီးဟု ထိုင်းနိုင်ငံသားများကြားမှာ သတင်းထွက်ပေါ်နေ။ ဖမ်းမိတဲ့သူတွေကလည်း KNU ကပဲ။ ဗုံးခွဲဖို့ စေခိုင်းတာလည်း KNU အဖွဲ့က စောတောနီးလို သိရတယ်ဟု ထိုင်းနိုင်ငံသားများပြောဆိုနေ” ဟူ၍ သတင်းအရင်းအမြစ်မခိုင်လုံသော ရေးသားချက်မျိုးဖြင့် ဖြန့်ဝေထားသည်။

ထိုရေးသားချက်အရ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အုန်းဖန်မြို့ရှိတာဝန်ကျ ထိုင်းလူမျိုး အရာရှိတစ်ဦးအား ကေအိုင်စီက မေးမြန်းရာတွင် “ကျနော့်အမြင်အရ လုပ်တဲ့သူတွေက အသက်လည်းမပြည့်သေးတော့ KNU နဲ့ သူ့လူကြီးက ခိုင်းတယ်ဆိုတာ မဖြစ်နိုင်ဘူး။ သေချာမသိလည်း သတင်းဆိုတာ ပွတာရှိနိုင်တာပဲ” ဟု ၎င်းကဆိုသည်။

ပေါက်ကွဲမှုဖြစ်စဥ်ကို အတိအကျဖော်ပြထားသည့် ထိုင်းနိုင်ငံ၏ နာမည်ကြီး သတင်းမီဒီယာတစ်ခုဖြစ်သော Thai BPS ၏ ဝက်ဘ်ဆိုက်ဒ်စာမျက်နှာတွင်လည်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိမှုကိုသာ ဖော်ပြထားပြီး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ခိုင်းစေခဲ့သည်ဟူသော ရေးသားမှုမျိုး မပါရှိပေ။

Thai BPS ၏ သတင်းလင့်ခ်ကို ဖော်ပြပါ (https://world.thaipbs.or.th/detail/3-dead-48-injured-in-grenade-attack-o...) တွင် ဖတ်ရှုနိုင်သည်။

ထိုင်း-မြန်မာ နယ်စပ်နေ နောက်ထပ်တာဝန်ရှိအမျိုးသားတစ်ဦးကလည်း “ထိုင်းသတင်းတွေမှာ KNU လုပ်တာလို့ ပြောတာမတွေ့ဘူး။ သူတို့အချင်းချင်းဖြစ်တယ်လို့ ပဲပြောထားတာတွေ့ရတယ်။ ထိုင်းတွေကလည်း KNU က ဒီလိုတကူးတကခိုင်းမှာမဟုတ်ဘူး။ ဖွဲ့စည်းပုံရှိတယ်ဆိုတာ သူတို့နားလည်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ကေအဲန်ယူဘက်ကလည်း ဖြစ်စဥ်ဖြစ်ပွားပြီး ဒီဇင်ဘာ (၁၄) ရက်နေ့တွင် လူသေဆုံးမှုနှင့် ဒဏ်ရာရမှုဖြစ်ပွားခဲ့သည့်အပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရေး ထိုင်းအစိုးရနှင့် လက်တွဲဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်ထုတ်ခဲ့သလို ပေါက်ကွဲမှုပြုလုပ်သူများတွင် မိမိတို့ KNU က မပါဝင်ကြောင်း ငြင်းဆိုထားသည်။

“ဒါက စစ်ကောင်စီဘက်ကနေ ယုတ်တီးယုတ်ပဲ့ လုံးဝအောက်တန်းစားအဆင့်နဲ့ လျှောက်ပြီးပြောနေတဲ့ အောက်လုံးတွေပါ။ ဒါမျိုးတွေ ကျနော်တို့မလုပ်ခဲ့ဖူးဘူး။ ကျနော်တို့ကို ဂုဏ်သိက္ခာ ပျက်ပြားအောင်ပြောတာ။ ကြေညာချက်မထုတ်ခင်ကတည်းက ဒါကို ကျနော်တို့မလုပ်ဘူးဆိုတာ သက်ဆိုင်ရာကို အကြောင်းကြားတယ်။ အဲဒါကို စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်က လုံးဝ အဆင့်အတန်းမရှိ တကယ့်အောက်တန်းစား မဟုတ်မဟပ်သတင်းတွေ ဖြန့်တာဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။

အုန်းဖန်မြို့ ထိုင်းအာဏာပိုင်အချို့၏ပြောပြချက်အရမူ အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းဆီး၊ စစ်ဆေးရေးလုပ်ဆောင်နေသလို ဒဏ်ရာရရှိသူများအား ဆေးကုသမှုပေးထားသည်ဟု သိရသည်။

သုံးသပ်ချက်

“ဗုံးပေါက်ကွဲစေရန် လုပ်ဆောင်သည့် ကရင်လူငယ်တစ်ဦးမှာ KNU အဖွဲ့ဝင်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်ကပြောသည်” ဟု အချို့ထိုင်းမီဒီယာ၏ ဖော်ပြချက်ကို ကေအိုင်စီအနေဖြင့် စိစစ်တွေ့ရှိရသော်လည်း ပဒိုစောတောနီးက ခိုင်းစေသည်ဟူ၍ လူပုဂ္ဂိုလ်နာမည်တပ်ထားသော ရေးသားမှုမျိုးကိုမူ မည်သည့်ထိုင်းမီဒီယာမှ ဖော်ပြထားခြင်းမရှိပါ။

ထို့ကြောင့် ပေါက်ကွဲမှု ကျူးလွန်သူများကို ပဒိုစောတောနီးက ခိုင်းစေကြောင်း ထိုင်းနိုင်ငံသားများကြား အမှန်တကယ် သတင်းထွက်ပေါ်ခြင်းမရှိပါဘဲ စစ်ကောင်စီဝါဒဖြန့်ချန်နယ်များကသာ ဖြန့်ဝေသည့် သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

ကေအိုင်စီ၏ ပရိသတ်များအနေဖြင့်လည်း သတင်းအကြောင်းအရာတစ်ခုကို တွေ့ရှိပါက ဆောလျင်စွာ ယုံကြည်မှုမပြုဘဲ ၎င်းတွင်ပါဝင်နေသည့် ရုပ်ပုံ၊ ရုပ်သံများအား ဂရုပြုလေ့လာခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ အတည်ပြုချက်ရယူခြင်း၊ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား စောင့်ကြည့်အတည်ပြုခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။

ထို့အတူ ယုံကြည်စိတ်ချရသည့် မီဒီယာများနှင့်တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် သတင်းအမှား၊ အမှန် ခွဲခြားနိုင်သလို ကေအိုင်စီ၏ ဖေ့ဘွတ်ခ်စာမျက်နှာ (https://www.facebook.com/KICNewsPage) သို့ လာရောက်ပေးပို့နိုင်သည်။

Most read this week

January 16, 2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့်...
January 14, 2025
ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင်များအတွက် နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းဆိုင်ရာ...
January 14, 2025
နန်းဝေဖြိုးဇာ — “အဲဒီတုန်းက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ မြေမြှုပ်မိုင်းနင်းမိတော့ ခြေထောက်တစ်ဖက်...
January 13, 2025
ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်းနှင့် လမ်းသစ်တို့ကို ပြန်သိမ်းနိုင်ရန်...