UWSA ထိန်းချုပ်သည့် ဟိုပန်မြို့ အခွန်အခများလို့ ပြည်သူအခက်တွေ့၊ ဖောင်ဆိပ်တံတားနား ကုန်စည်ကန့်သတ်ထား

UWSA ထိန်းချုပ်သည့် ဟိုပန်မြို့ အခွန်အခများလို့ ပြည်သူအခက်တွေ့၊ ဖောင်ဆိပ်တံတားနား ကုန်စည်ကန့်သတ်ထား

သျှမ်းပြည် ဟိုပန်မြို့နယ်တွင် ‘ဝ’ တပ်ဖွဲ့ UWSA ထိန်းချုပ်ထားစဉ် အခွန်အခကောက်ခံမှု ပိုမိုများပြားလာခြင်းကြောင့် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှစတင်ပြီး ‘ဝ’ တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် ဆိုင်ခန်းခွန်၊ အမှိုက်ခွန်၊ လျှပ်စစ်မီတာခွန် အစရှိသည့် အခွန်အခကောက်ခံမှု ပိုမိုများပြားလာခြင်းကြောင့် ရေရှည်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်စေကြောင်း ဒေသခံများက ပြောသည်။

“များတယ် အခွန်တော့ အမှိုက်ခွန်ကို ၁၀၀ ‌ပေးရတယ်။ တရုတ်ငွေနဲ့ တစ်လ ၁၀၀၊ ကုန်စုံဆိုင်အသေးပေါ့။ ဆိုင်အကြီးတွေဆို ပိုများတယ်၊ တခြားအခွန်တွေလည်းရှိတယ်။ လတိုင်း ကွင်းဆင်းပြီး လိုက်ကောက်တယ်။ အစိုးရမီးက လုံးဝမလာတော့ဘူး၊ တရုတ်မီးပဲသုံးတယ်” ဟု ဟိုပန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပန်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်တစ်ဆိုင်လျှင် ယခင်က ဆိုင်ခွန်အဖြစ် တရုတ်ယွမ် ၁၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၆ သောင်းကျော်) အပြင် အမှိုက်ခွန်အဖြစ် ယွမ်ငွေ ၁၀၀ ကို ‘ဝ’ တပ်ဖွဲ့ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကောက်ခံကြောင်း ဒေသခံများထံမှ သိရသည်။

UWSA မှ ကောက်ခံသည့် အခွန်နှုန်း မြင့်မားမှုကြောင့် လျော့ချပေးရန် ဒေသခံများမှ အောက်တိုဘာလအတွင်း ‘ဝ’ တပ်ဖွဲ့ထံသို့ စာရေးသား တောင်းဆိုခဲ့သော်လည်း အမှိုက်ခွန်တစ်ခုတည်းသာ တရုတ်ယွမ် ၁၀၀ မှ ယွမ် ၅၀ သို့ နိုဝင်ဘာလကုန်တွင် လျော့ချပေးခဲ့ပြီး အခြားအခွန်နှုန်းထားများ ဆက်လက်များနေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဟိုပန်မြို့နယ်တွင် ကုန်စည်နည်းပါးနေခြင်းကြောင့် ပန်ဆန်းမြို့နှင့် ကျိုင်းတုံမြို့များအထိ သွားရောက်သယ်ဆောင်ရခြင်းကြောင့် ဈေးကြီးပေးဝယ်ယူနေရပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကွမ်းလုံနှင့် ချင်းရွှေဟော်ဘက်သို့လည်း ဖြတ်သန်းခွင့်မရဘဲ ‘ဝ’ တပ်ဖွဲ့က ဖောင်ဆိပ်တံတားတွင် ကန့်သတ်ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

“ဆီပြတ်သွားတော့ ဆီဈေး နည်းနည်းတက်တယ်။ ဖောင်ဆိပ်တံတားမှာ ‘ဝ’ တော့ ပိတ်တယ်၊ ကုန်ပစ္စည်းတော့ ဘာမှ ပေးမထွက်ဘူး၊ ကိုးကန့်တော့ မသိဘူး။ လားရှိုးက ကုန်သိပ်မရှိတော့ ပန်ဆန်းဘက်က‌နေ ကျိုင်းတုံထိ သွားယူကြတယ်။ ကုန်က နည်းနည်းချင်းလာတော့ ဈေးများတယ်” ဟု ဟိုပန်ဒေသခံ ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ဟိုပန်မြို့သို့ လားရှိုးဘက်မှ စစ်ဘေးရှောင် အများအပြားလည်း ပြောင်းရွှေ့နေထိုင်ကြပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိက ဝင်ရောက်လုပ်ကိုင်နေကြကြောင်း ဟိုပန်ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်ကလည်း ဟိုပန်မြို့နယ်အတွင်း ‘ဝ’ တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်ခြင်းကြောင့် ပြည်သူများအတွက် စားသောက်ကုန်တင်သွင်းရန် ခက်ခဲနေပြီး ဟိုပန်၊ ပန်လုံ၊ မိုင်းမော၊ ပန်ဝိုင်နှင့် နမ့်တစ်ဒေသတို့တွင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့တို့ကို ဇန်နဝါရီလဆန်းပိုင်းတွင် ‘ဝ’ တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ပြီး ဇွန်လမှစတင်ကာ ဟိုပန်ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်း၍ UWSA ၏ အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော် လည်ပတ်နေသည်။

December 13, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ်တွင် ၂ လကျော်ကြာ စစ်ဘေးတိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀...
UWSA တပ်ဖွဲ့။
December 12, 2024
မြန်မာ - ထိုင်း နယ်စပ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 10, 2024
ရှမ်းပြည်တိုးတက်ရေးပါတီ - ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ...
December 10, 2024
ကျပ် တစ်သောင်းတန် ငွေစက္ကူကိုကိုင်ပြီး အထပ်ထပ်အခါခါလှန်ပြီး သိသလောက်မှတ်သလောက် ဒေါ်အေးမာတစ်ယောက်...