စစ်ကောင်စီ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး UWSA နှင့် ထိုင်းစစ်တပ်ကြား အငြင်းပွားနေသည့်နယ်စပ်သို့ သွားရောက်

စစ်ကောင်စီ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး UWSA နှင့် ထိုင်းစစ်တပ်ကြား အငြင်းပွားနေသည့်နယ်စပ်သို့ သွားရောက်
UWSA တပ်ဖွဲ့။
UWSA တပ်ဖွဲ့။

မြန်မာ - ထိုင်း နယ်စပ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား နယ်နိမိတ် အငြင်းပွားနေသည့် နယ်စပ်အနီးသို့ စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် သွားရောက်စစ်ဆေးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၆၅) သို့ ကားအစီးရေ  ၂၀ ခန့်ဖြင့် တြိဂံတိုင်းစစ်ဌာနချုပ် (တသခ) တိုင်းမှူး ရောက်ရှိလာပြီး UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ မုံးထမြို့နှင့် ပါချီးနယ်စပ်ဂိတ်သို့ ဆက်လက်သွားရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က ၅ နာရီဝန်းကျင် တိုင်းမှူးက ‘ဝ’ ၁၇၁ ဌာနကို ဆင်းသွားတယ်။ တိုင်းမှူးက ဒီနေ့ ပါချီးတက်မယ်၊ မုံးထ သွားမယ်လို့ ကြားရတယ်။ ၁၈ ရက်နေ့နီးပြီဆိုတော့ နယ်စပ်ပြဿနာ အဖြေရှာပြီး ရှင်းမယ်လို့ အကြမ်းဖျင်းသိရတယ်။ လုံခြုံရေးတွေ အပြည့်နဲ့လာတယ်” ဟု မိုင်းတုံဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) တိုင်းမှူး တာဝန်ယူထားသူမှာ ဗိုလ်ချုပ်စိုးလှိုင်ဖြစ်ကြောင်း သိရသည်။

ထိုင်းစစ်တပ်နှင့် နယ်နိမိတ်ပြဿနာဖြစ်ပွားနေသည့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသသို့ တြိဂံဒေသတိုင်းမှူး ရောက်ရှိနေသော်လည်း ၎င်းနှင့် ထိုင်းနယ်စပ်အရေး တွေ့ဆုံဆွေးနွေးခြင်းမရှိကြောင်း ‘ဝ’ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောဆိုသည်။

“တိုင်းမှူးလာတာ မှန်ပါတယ်၊ နယ်မြေတပ်တွေ သွားရောက်စစ်ဆေးတာဖြစ်မှာပါ။ ကျနော်တို့နဲ့ တွေ့ဆုံဖို့မရှိပါ။ ထိုင်းနဲ့လည်း တွေ့ဆုံဖို့မရှိပါ။ ထိုင်းနယ်စပ်ကိစ္စရပ် လောဆယ်ငြိမ်သွားပါပြီ။ ကျနော်တို့ဘက်ကတော့ အားလုံး ပုံမှန်ပါပဲ” ဟု ဦးညီရမ်းက ပြောဆိုသည်။

အခြားတဘက်တွင် ထိုင်း - မြန်မာ နယ်စပ်ရှိ ‘ဝ’ တပ်ဖွဲ့ UWSA တပ်စခန်း (၉) နေရာကို ထိုင်းစစ်တပ်က ဒီဇင်ဘာ (၁၈) ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်းပေးရန် တောင်းဆိုခဲ့ပြီးနောက် ဒေသခံများအကြား နှစ်ဘက်တပ်ဖွဲ့ စစ်ရေးတင်းမာနေကြောင်း ပျံ့နှံ့နေပြီး ပါချီးနယ်စပ်ဂိတ်လည်း ပိတ်ပင်ခံရမည်ကို စိုးရိမ်နေသည်ဟု ပြောဆိုသည်။

“ဒေသခံတွေက ပါချီး ပိတ်ပစ်မှာ စိုးရိမ်နေကြတယ်။ ပိတ်မယ်လို့လည်း ပြောနေကြတယ်။ စစ်ဖြစ်မှာကို စိတ်ပူကြတာပေါ့။ ဘာလို့လဲဆိုတော့ ထိုင်းက ၁၈ ရက် နောက်ဆုံးထား ဖြေရှင်းဖို့ရယ်၊ စစ်ဖြစ်လာရင် ‘ဝ’ နဲ့ တစ်ဖွဲ့ထဲ မဟုတ်ဘဲ၊ သျှမ်းနဲ့ပါ ကူးသွားနိုင်ကြတယ်” ဟု မိုင်းတုံဒေသခံအမျိုးသားက ဆက်ပြောသည်။

သို့သော် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသလက်အောက်ခံ တပ်စခန်းများနှင့် ထိုင်းစစ်တပ်တို့အကြား စစ်ရေးတင်းမာမှုအခြေအနေမှာ ကောလာဟလသာဖြစ်ပြီး မီဒီယာတချို့က ချဲ့ကားပြောဆိုခြင်းနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုံ့ချကြောင်း ‘ဝ’ တပ်ဖွဲ့က ဒီဇင်ဘာလ (၈) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“အခု ‘ဝ’ နဲ့ ထိုင်းနဲ့ ဖြစ်နေတာ နှစ်ဘက်စလုံးက စဉ်းစားဖို့လိုတယ်။ သို့သော်လည်း ‘ဝ’ နောက်မှာ တရုတ်ရှိတယ်။ ဒီတရုတ်ကိုလည်း စဉ်းစားဖို့လိုတယ်။ နောက်တခုက ပိုင်ရှင်လို့ အများကမှတ်ယူတဲ့ ဗမာက တစ်ခွန်းမှ သူကမပြောဘူး။ သူက ဘာရည်ရွယ်ချက်ရှိလို့ မပြောတာလဲ။ ဒါမှမဟုတ် မပြောချင်တာလား၊ ဒါတွေအကုန်လုံးကို တွက်ရမယ်” ဟု စစ်ကောင်စီ၏ ထိုင်းနယ်စပ်အရေး ရပ်တည်ချက်နှင့်ပတ်သက်ပြီး ဝါရင့်တော်လှန်ရေး ရဲဘော်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်နှင့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသက ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့စဉ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက် ထိစပ်နေသည့် နယ်နိမိတ်မျဉ်းပေါ်ရှိ UWSA တပ်စခန်း (၉) နေရာကို တစ်လအတွင်း တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်မှပြောဆိုခဲ့ကြောင်း ထိုင်းနှင့် မြန်မာ သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

Most read this week

January 11, 2025
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က “၁၀၂၇ စစ်ဆင်ရေး” အတွင်း...
သျှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာ
January 9, 2025
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ် ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကောင်စီတပ်မှ...
January 8, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့် ပျူစောထီးများက...
January 7, 2025
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ...