မြန်မာ့လူမှုအသိုင်းအဝိုင်းက တစ်ဆင့်နှိမ့် ခွဲခြားဆက်ဆံတာအပြင် အကြမ်းဖက်မှုတွေကိုပါ ခံနေရတဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးနိုင်မယ့်ယန္တရား တည်ဆောက်ဖို့လိုအပ်ပြီလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ လူသားချင်းစာနာမှုနဲ့ ပြန်လည်ထူထောင်ရေးဌာန၊ ဌာနမှူးကြီး ခွံ့မာတီးယာက တိုက်တွန်းထားပါတယ်။
အမျိုးသမီးတွေ တစ်ဆင့်နှိမ့် ခွဲခြားဆက်ဆံခံရတာဟာ မိသားစုတွင်းကနေတစ်ဆင့် ပြင်ပ လူမှုအသိုင်းအဝိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
အလားတူ အကြမ်းဖက်မှုကိုလည်း ပဋိပက္ခကာလမှာ ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်နေကြပေမဲ့ ကျူးလွန်သူတွေဟာ အပြစ်ကင်းလွတ်ခွင့် ရနေကြဆဲဖြစ်တယ်လို့ ခွံ့မာတီးယာက ကန္တာရဝတီတိုင်း (မ်) ကို အခုလိုပြောပါတယ်။
“အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေ အမျိုးသားတွေက လုပ်လာတဲ့အခါမှာ ဥပဒေအရ အပြစ်ပေး အရေးယူဆောင်ရွက်မှုတွေ အရမ်းအားနည်းတယ်ပေ့ါလေး။ အထူးသဖြင့် ဒီစစ်ပဋိပက္ခကာလမှာဆိုလို့ရှိရင်တော့ အမျိုးသမီးတွေအပေါ်မှာ လူမသိသူမသိ အကြမ်းဖက်လိုက်ပြီးတော့မှ ဒီဟာအတွက် သမာသမတ်ကျတဲ့ ဖြေရှင်းနည်းတွေ ဖြေရှင်းရမယ့်နေရာတွေက ဒီဟာတွေက အခွင့်အလမ်းမရှိတော့တာမျိုးတွေပေါ့နော်။ ဆိုတော့ ခွဲခြားဆက်ဆံမှုနဲ့ တိုက်ရိုက်အကြမ်းဖက်တဲ့ ပုံစံလိုမျိုးနဲ့ အမျိုးသမီးတွေအပေါ်မှာ အမျိုးသားတွေက အပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ ရနေတယ်ပေါ့နော်” လို့ ခွံ့မာတီးယာက ပြောပါတယ်။
အာဏာသိမ်းကာလမှာ အမျိုးသမီးတွေအပေါ် လိမ်လည်ကာမရယူတဲ့ ဖြစ်စဥ်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) က ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားဖူးပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ ထုံးတမ်းအစဥ်အလာအရ နှစ်ဦးနှစ်ဖက်ကြား သဘောတူညီမှုယူကာ ငွေ ဒါမှမဟုတ် သားကောင်တစ်ခုခု စသဖြင့် လျော်ကြေးပေးပြီး အမှုကို ရပ်ဆိုင်းကြလေ့ရှိတယ်လို့ ပြောပါတယ်။
ဒီလိုဖြေရှင်းနည်းက နှစ်ဦးနှစ်ဖက်သဘောတူရင် အဆင်ပြေပေမယ့် တစ်ဖက်က သဘောမတူတဲ့အခါ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရေးယူမှုကို နည်းစနစ်ကျကျ မလုပ်ဆောင်တဲ့အခါ အမျိုးသမီးတွေအပေါ် ပုံစံအမျိုးအမျိုးနဲ့ အကြမ်းဖက်မှုတွေကို မရပ်တန့်နိုင်ဘူးလို့ KyWO ရဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဥ် တာဝန်ခံဖြစ်တဲ့ မယုက ပြောပါတယ်။
“ဖြစ်သလိုပဲ လျော်ပေးလိုက်တယ်။ ဖြစ်သလိုပဲ ဝက်ထိုးပေးလိုက်တယ်ပေါ့နော်။ တိုက်ရိုက်ပြောရင်တော့ အဲ့လိုကိစ္စတွေကျတော့ တစ်ဖက်ကလည်း မကျေနပ်။ ဒါပေမဲ့ လက်ခံလိုက်ရတယ်။ မလွန်ဆန်နိုင်တဲ့ အခါမှာပေါ့နော်။ ဒီလိုအနေအထားတွေဖြစ်လာရင် ဒါကတော့ ဂုဏ်သိက္ခာတွေထိတယ်။ အမျိုးသမီးအခွင့်အရေးတွေကို အများကြီး နစ်နာစေတယ်ပေါ့” လို့ မယုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာ၊ လိင်အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုကနေ ထိရောက်စွာ ကာကွယ်နိုင်တဲ့ ဥပဒေတွေ လိုအပ်ချက် ရှိနေဆဲဖြစ်တယ်လို့ အမျိုးသမီးအရေး တက်ကြွလုပ်ရှားသူတွေက ဆိုပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု မရှိတော့အောင် လုပ်ငန်းယန္တရားတွေ တည်ဆောက်ရာမှာလည်း အမျိုးသားတွေက ပါဝင်ဖော်ဆောင်ဖို့ အရေးကြီးတယ်လို့ ဌာနမှူးကြီး ခွံ့မာတီးယာက တိုက်တွန်းထားပါတယ်။
“ကျနော်တို့ရဲ့ အိမ်တွင်းမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်တွေမှာပဲဖြစ်ဖြစ်၊ ဘာသာရေးတွေမှာပဲဖြစ်ဖြစ်ပေါ့နော်။ ဥပမာ လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေကို တစ်ဆင့်နှိမ့်နေရာပေးတာမျိုးတွေ၊ ကျနော်တို့ရဲ ယဥ်ကျေးမှုတွေ ဘာသာရေးတွေမှာ ပြန်ကြည့်ရင် အထွတ်အမြတ်ထားတဲ့နေရာတွေမှာ အမျိုးသမီးတွေကို ပါဝင်ခွင့်မပေးတာမျိုးတွေ၊ ကန့်သတ်ထားတာမျိုးတွေ မသိမသာ ဒီလိုမျိုး ခွဲခြားဆက်ဆံတဲ့ဟာကတော့ ရှိနေတယ်။ ဒါပေမဲ့ ဒီဟာက ခွဲခြားဆက်ဆံမှုဖြစ်တယ်ဆိုတဲ့ဟာ သိပ်မထင်ပေါ်ပြီးတော့မှ ဒီဟာတွေအတွက် အလိုအလျောက် ကင်းလွတ်ခွင့်ရနေတဲ့ ပုံစံမျိုးဖြစ်တာပေါ့နော” လို့ ခွံ့မာတီးယာက ပြောပါတယ်။
ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ ၂၀၂၄ ခုနှစ် ၊ သြဂုတ်လ ၆ ရက်နေ့ စာရင်းအရ စစ်အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နဲ့ ရှမ်းကရင်နီနယ်စပ် ကယန်းဒေသတွေမှာ အိမ်တွင်းအကြမ်းဖက်မှု ၂၅ ရာခိုင်နှုန်းနဲ့ အများဆုံးရှိနေပါတယ်။ သက်ငယ်မုဒိန်းမှုက ၂၁ ရာခိုင်နှုန်းဖြစ်ပွားနေပြီး ဒုတိယအများဆုံးမှာ ရှိနေပါတယ်။
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ ကွာရှင်းမှု၊ လူကုန်ကူးမှု၊ Monogamy (တစ်လင်တစ်မယားဓလေ့)၊ လိမ်လည်ကာမရယူမှု၊ မုဒိန်းကျင့်ရန် ကြိုးပမ်းအားထုတ်မှု စတဲ့ နည်းမျိုးစုံ အကြမ်းဖက်မှုလည်း ဖြစ်ပေါ်နေတယ်လို့ ဆိုထားပါတယ်။