အရပ်သားများအား လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ရန် မသန်စွမ်းသူများ တောင်းဆို

အရပ်သားများအား လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ရန် မသန်စွမ်းသူများ တောင်းဆို

စစ်ကောင်စီအနေဖြင့် အရပ်သားများအား ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ရန် ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းများနေ့တွင် မသန်စွမ်းသူများက တောင်းဆိုလိုက်ကြသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းအပါအဝင် စစ်ကျန်လက်နက်အန္တရာယ်နှင့်အတူ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူဦးရေ တိုးလာနေသည်။

စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရခိုင်ဒေသတွင်လည်း စစ်ကောင်စီက အရပ်သားနေထိုင်ရာ မြို့/ရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ နေ့စဉ် ထိခိုက်သေဆုံးမှုများ ရှိနေသည်။

“စစ်ဖြစ်လို့ လူတွေ ဒုက္ခဖြစ်တာကို နားလည်တယ်။ ဒါပေမယ့် စစ်ရှုံးတိုင်း အရပ်သားကိုပဲ ဦးတည်ပြီး ဗုံးကြဲနေတာကိုတော့ လက်မခံနိုင်ဘူး။ ဒီပြည်သူတွေက ကိုယ့်လက်ကိုယ့်ခြေကို အမှီပြုပြီး စားသောက်နေရတာ။ ခုလို ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးလိုက်ရတော့ လုပ်စားရတာ အဆင်မပြေတော့ဘူး။ ဒါကြောင့် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာတွေကို ရပ်ပေးစေချင်တယ်” ဟု မသန်စွမ်းတစ်ဦးဖြစ်သည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ မခိုင်ခိုင်မာက ပြောသည်။

မခိုင်ခိုင်မာသည် ပြီးခဲ့သည့် ၂၀၂၄ မေလအတွင်းက တောထဲသို့ ထင်းခုတ်သွားစဉ် မိုင်းထိကာ ခြေထောက်တစ်ဖက် ဆုံးရှုးခဲ့ရသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

ရခိုင်ပြည် မသန်စွမ်းသူများအဖွဲ့၏ စာရင်းအရ ၂၀၂၃ ရခိုင်တိုက်ပွဲ စတင်ချိန်မှစ၍ တိုက်ပွဲကာလ ၁၁ လအတွင်း မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် မောင်တောမြို့နယ်တွင် မသန်စွမ်းသူဦးရေ ၇၂၀ ကျော်အထိ တိုးလာနေပြီး ယခင် စစ်ရေးကာလအတွင်း အရေအတွက်၏ နှစ်ဆကျော် ရှိနေသည်။

ရခိုင်တွင် အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူ အများအပြားရှိနေသော်လည်း လက်ရှိကာလ မသန်စွမ်းဦးရေ တိုးလားရခြင်းမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်းအန္တရာယ်တို့ကြောင့် အများဆုံးဖြစ်သည်။

“ဒီကာလမှာ လေကြောင်းတိုက်ခိုက်မှုတွေက နေ့စဉ်ဆိုသလို ရှိနေတဲ့အနေထားမှာ မသန်စွမ်းတွေက သာမန်လူ တွေနဲ့မတူဘဲ ပိုပြီး ဒုက္ခရောက်နေကြပါတယ်။ စားသောက်နေထိုင်ရေးကအစပေါ့နော်။ ဒါကြောင့် ဒီနေ့မှာ တောင်းဆိုချင်တာက မသန်စွမ်းသူတွေဟာ နည်းမျိုးစုံနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာကြောင့် သူတို့မှာ ဘာအခွင့်အရေးမှ မရှိကြတော့ဘဲ အားလုံးက ဆုံးရှုံးနေပြီ။ မသန်စွမ်းသူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကအစ ကူညီပေးကြဖို့ တောင်းဆိုချင်တယ်” ဟု ရခိုင်မှ မသန်စွမ်းအရေး ကူညီနေသူတစ်ဦးက ပြောသည်။

ယခင် စစ်ရေးကာလအလွန် မသန်စွမ်းသူများနှင့်ပတ်သက်၍ လူမှုကူညီရေးအဖွဲ့အစည်းများက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုများအပြင် ငွေကြေးထောက်ပံ့ပေးမှုများရှိခဲ့သော်လည်း လက်ရှိတွင် ထိုသို့ ကူညီထောက်ပံ့မှုများ မရကြပေ။

စစ်ရေးကာလအတွင်း မသန်စွမ်းဖြစ်ခဲ့ရသူ အမျိုးသမီး၊ ကလေးငယ်နှင့် အိမ်ထောင်ဦးစီး အများအပြားပါဝင်နေပြီး အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်တို့ကြောင့် မိသားစုစားဝတ်နေရေး အကျပ်အတည်းများကြားတွင် အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်သန်းနေကြရသည်။

Most read this week

ရွှေတြိဂံဒေသ လာအိုနိုင်ငံ ကာစီနိုမြို့အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့။
January 9, 2025
ရွှေတြိဂံနယ်မြေ ကာစီနိုမြို့ဟု လူသိများသည့် လာအိုနယ်စပ်တွင် မြန်မာအလုပ်သမား အများအပြား...
ရခိုင်ပြည်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေမှုကြောင့် ဆိုရှယ်မီဒီယာများ အသုံးပြု၍ မရပုံအား တွေ့ရစဉ်။
January 8, 2025
မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားမှု လျော့ပါးစေရေးအတွက်...
မောင်တော်မြို့လယ်လမ်းဆုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
January 8, 2025
ရခိုင်ပြည်၊ နယ်စပ်မြို့ မောင်တောမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် မြို့ခံများအား...
ကျောက်ပန္ဒူ - စေတီပြင် မေယုတောင်ကျော်လမ်း တစ်နေရာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလကတွေ့ရစဉ်။
January 7, 2025
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကြောင့် မောင်တော၊ ဘူးသီးတောင်၊...