ဖယ်ခုံအနောက်ခြမ်းသို့ စစ်ကောင်စီက ဗုံးအလုံးရေ ၄၀ ထက်မနည်း ကြဲချ၊ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

ဖယ်ခုံအနောက်ခြမ်းသို့ စစ်ကောင်စီက ဗုံးအလုံးရေ ၄၀ ထက်မနည်း ကြဲချ၊ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

ရှမ်း-ကရင်နီ (ကယား) နယ်စပ်၊ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း ရီနွဲကျေးရွာအုပ်စု၊ ဆိုင်ခွန်ရွာအနီးသို့ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးအလုံးရေ ၄၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသိရသည်။

ယနေ့ မနက် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် လုပ်ဆောင်ခဲ့ရာ Y-12 အမျိုးအစားလေယာဥ်ဖြင့် ဗုံးအလုံးရေ ၃၀ လုံးခန့်၊ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးအရေအတွက် ၁၀ လုံးခန့်ကို ဆိုင်ခွန်ရွာအနီးသို့ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တချို့က ပြောသည်။

ထို့ကြောင့် ရွာအနီးရှိ နွားကျောင်းသားတစ်ဦး သေဆုံးခဲ့ရပြီး အချက်အလက်စုံစမ်းဆဲ လူပုဂ္ဂိုလ် ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“စုစုပေါင်း သေတာက တစ်ယောက်၊ ဒဏ်ရာရတာ ၃ ယောက်ဗျ။ သေတဲ့သူက အရပ်သား နွားကျောင်းသားပါ” ဟု ၎င်းအမျိုးသားက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ရသည့် အကြောင်းအရင်းနှင့် ဖြစ်စဥ်အသေးစိတ်ကို မသိရှိရသေးသော်လည်း ယခင်က ထိုရွာနားတဝိုက်ကို ယခုလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ဖူးသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ - IEC မှ ဦးဗညားခွန်အောင်က ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကရင်နီပြည်နှင့် ဆက်စပ်လျက်ရှိသည့် ဖယ်ခုံမြို့နယ် တစ်ခုလုံးနီးပါး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို လက်ရှိအချိန်ထိ လုပ်ဆောင်နေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်ဖြစ်ပေါ်နေသည်ဟု ဖယ်ခုံမြို့နယ်အတွင်းရှိ သတင်းအရင်းအမြစ်များထံမှ သိရသည်။

အလားတူ ယခုနှစ် ဧပြီလတွင် ဆိုင်ခွန်ရွာသို့ စစ်ကောင်စီက လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ ဦး သေဆုံးခဲ့ရပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားသည်ဟု အရပ်ဖက် ကရင်နီလူငယ်အဖွဲ့များက ပြောသည်။

နိုဝင်ဘာလအတွင်း ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်တို့၌ စစ်တပ်အင်အားတိုး၊ စစ်ကြောင်းထိုးမှု များပြားလာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သလို စစ်ကြောင်းဝင်လာသည့် စစ်ကောင်စီက ပြည်သူလူထုကို ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်နေသည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၏ ထုတ်ပြန်ချက်အရ သိရသည်။

January 6, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ...
January 6, 2025
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံ စသည့်...
January 4, 2025
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ...
January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...